ယူနိုက်တက်ရဲ့ ယာယီနည်းပြတာဝန်ကို လက်မခံမီ ဖာဂူဆန်နဲ့ တိုင်ပင်ဆွေးနွေးခဲ့သေးကြောင်း ဖွင့်ဟလာတဲ့ ဖလက်ချာ
မန်ချက်စတာယူနိုက်တက်ရဲ့ ယာယီနည်းပြတာဝန်ကို စတင်ဆောင်ရွက်နေပြီဖြစ်တဲ့ ဒါရင်းဖလက်ချာက သူဟာ အဆိုပါရာထူးကို လက်မခံမီမှာ အသင်းရဲ့ဂန္ထဝင်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်နဲ့ တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သေးကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်ပွဲစဉ်မှာ လိဒ်ကို ၁-၁ နဲ့သရေကျပြီးနောက် ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ကြမ်းတမ်းတဲ့မှတ်ချက်တွေပြုလုပ်ခဲ့တဲ့ အာမိုရင်ကို ယူနိုက်တက်က နည်းပြရာထူးမှ ထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့ပြီး ဖလက်ချာကို ယာယီနည်းပြတာဝန် ထမ်းဆောင်စေခဲ့တာဖြစ်ပါတယ်။
ဖလက်ချာဟာ ယူနိုက်တက်ကစားသမားဟောင်းတစ်ဦးဖြစ်တာကြောင့် ဖာဂူဆန်နဲ့ အလွန်ရင်းနှီးသူဖြစ်ပြီး ယာယီနည်းပြတာဝန်ကို လက်မခံမီမှာ ဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဖလက်ချာက "ကျွန်တော်ကတော့ ဆာအဲလက်စ်နဲ့ မတိုင်ပင်ဘဲ ဘယ်လို အဓိကကျတဲ့ ဆုံးဖြတ်ချက်မျိုးကိုမှ မချချင်ပါဘူး။ ကျွန်တော်တို့မှာ တကယ်ကောင်းတဲ့ ဆက်ဆံရေး ရှိပါတယ်။ ဒါကြောင့် သူ့ကို အရင်ဆုံးပြောပြပြီး ပွင့်ပွင့်လင်းလင်း ပြောရရင် သူ့ရဲ့ ကောင်းချီးကို အရင်ဆုံး ရယူချင်ခဲ့တာပါ။ သူဟာ ဒီလိုလေးစားမှုမျိုးနဲ့ ထိုက်တန်သူပါ"
"သူ့ကို ကျွန်တော့်ရဲ့ အစီအစဉ်တွေ ပြောပြတော့ သူကလည်း 'မင်းက ယူနိုက်တက်ရဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်တဲ့အတွက် ယူနိုက်တက်အတွက် အကောင်းဆုံး လုပ်ပေးဖို့က မင်းရဲ့ အလုပ်ပဲ' လို့ပြန်ပြောပါတယ်။ သူ အဲဒီလို ပြောလိုက်တာက ကျွန်တော့်အတွက် တကယ်ပဲ စိတ်ခွန်အား ရစေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အာမိုရင်နဲ့ အဆက်အသွယ်ရ မရ မေးမြန်းရာမှာတော့ ဖလက်ချာက "ကျွန်တော် သူ့ဆီ ဆက်သွယ်ခဲ့ပေမဲ့ အခုထိတော့ အဆက်အသွယ် မရသေးပါဘူး။ ဒါက နားလည်ပေးလို့ ရပါတယ်။ သူလည်း စိတ်ထဲမှာ အဆင်မပြေတာတွေရှိနေမှာဖြစ်သလို ကျွန်တော်ကလည်း တော်တော်လေး အလုပ်များနေလို့ပါ။ ကျွန်တော် သူနဲ့ စကားပြောချင်ပါတယ်။ ရူဘင်နဲ့ ကျွန်တော်က ဆက်ဆံရေး ကောင်းမွန်ခဲ့ပြီး သူက ကျွန်တော့်အပေါ် တကယ်ကောင်းခဲ့ပါတယ်"
"ဒါပေမဲ့ ဘောလုံးလောကမှာ အရာရာကို မြန်မြန်ဆန်ဆန် ကျော်ဖြတ်နိုင်ဖို့က အရေးကြီးပါတယ်။ ဘောလုံးဆိုတာ တကယ်ကို ရက်စက်တဲ့ ကစားပွဲတစ်ခုပါ။ ဒါကြောင့် အသင်းမှာ စွမ်းအင်သစ်နဲ့ စိတ်ဓာတ်အသစ်တွေ ပြန်ရအောင် ဖန်တီးဖို့ ကြိုးစားနေပါတယ်။ မနက်ဖြန် ဘန်လေနဲ့ပွဲမှာလည်း အဲဒီလို စိတ်ဓာတ်မျိုး တွေ့ရဖို့ မျှော်လင့်ပါတယ်" လို့ဖြေကြားခဲ့ပါတယ်။