တိုင်လီမန်းစ်ကို နှစ်လခွဲကျော် လက်လွှတ်ရမယ့် အက်စတွန်ဗီလာ
ခြေကျင်းဝတ်ဒဏ်ရာတစ်ခုကြောင့် ဘယ်လ်ဂျီယံကွင်းလယ်လူတိုင်လီမန်းစ် ရက်သတ္တပတ် ၁၀ ပတ်အထိ အနားယူရဖို့ရှိနေလို့ အက်စတွန်ဗီလာရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုမျှော်လင့်ချက်အတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ စိန့်ဂျိမ်းစ်ပတ်ခ်မှာ နယူးကာဆယ်ကို ဝ-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း အခုဒဏ်ရာကို တိုင်လီမန်းစ် ရရှိခဲ့ပါတယ်။
နယူးကာဆယ်ကစားသမားလီဝစ်မိုင်လေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုအပြီး ပွဲချိန် ၇၄ မိနစ်မှာ အသက်-၂၈ နှစ်အရွယ်ကစားသမားကို လူစားလဲလှယ်ခဲ့ပါတယ်။ တိုင်လီမန်းစ်ရဲ့အခုလိုကာလရှည်အနားယူရမှုက ကာမာရာ၊ မက်ဂင်းတို့ကို လက်လွှတ်ထားရတဲ့ ဗီလာရဲ့ကွင်းလယ်ပိုင်းအကျပ်အတည်းကို ပိုမိုကြီးထွားစေပါတယ်။
မက်ဂင်းက ဒူးဒဏ်ရာကြောင့် နှစ်လကြာ အနားယူနေရပြီး ကာမာရာကလည်း ဒူးပြဿနာတစ်ခုကြောင့် အခုရာသီအတွင်း ပြန်ကစားနိုင်မယ့်နေ့ရက်ကို မသိရသေးပါဘူး။ ဗုဒ္ဓဟူးနေ့၊ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အက်စတွန်ဗီလာနည်းပြအူနိုင်းအမ်မရီက “ ကာမာရာ၊ မက်ဂင်းနဲ့ တိုင်လီမန်းစ်တို့အကြောင်း ကျွန်တော်တို့ သိကြပါတယ်။ ကာမာရာလည်း အချိန်အကြာကြီးအနားယူနေရပြီး အခုဘောလုံးရာသီအတွက် ပြန်ကစားပေးနိုင်မယ်လို့ မထင်ပါဘူး။ မက်ဂင်းက အနည်းဆုံးသီတင်းပတ် ၆-၈ ပတ်အထိ အနားယူရပါမယ်။ တိုင်လီမန်းစ်လည်း သီတင်းပတ် ၈-၁၀ ပတ်အထိ အနားယူရပါမယ်။
လာမယ့်ပွဲစဉ်တွေအတွက် ဗဟိုကွင်းလယ်ပိုင်းမှာ ဘယ်လိုပုံစံမျိုးစီမံခန့်ခွဲသွားနိုင်မလဲဆိုတာ စောင့်ကြည့်သွားရပါမယ်”လို့ ပြောပါတယ်။ ၁၉၈၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်ချန်ပီယံဆုကိုရယူဖို့ကြိုးပမ်းနေတဲ့ အမှတ်ပေးဇယားတတိယနေရာရှိ အက်စတွန်ဗီလာက ဦးဆောင်သူအာဆင်နယ်နဲ့ လေးမှတ်သာ ကွာဟနေပါတယ်။
အမ်မရီအတွက် အကူအညီဖြစ်စေနိုင်တဲ့အရာတစ်ခုက ဒေါက်ကလပ်လူးဝစ်ဇ်ပြန်လာမှုပဲ ဖြစ်ပါတယ်။ အသက်-၂၇ နှစ်အရွယ်ဘရာဇီးကွင်းလယ်ကစားသမားက၂၀၂၄ ခုနှစ်၊ ဂျူဗင်တပ်စ်ဆီ မထွက်ခွာခင် အက်စတွန်ဗီလာအတွက် ပွဲ ၂၀၀ ကျော် ပါဝင်ကစားခဲ့ပါတယ်။ လူးဝစ်ဇ်က အခုရာသီ၊ ပထမပိုင်းကို နော်တင်ဟမ်ဖောရက်စ်မှာ အငှားကစားသမားဘဝဖြင့် ဖြတ်သန်းခဲ့ပြီး လက်ကျန်ဘောလုံးရာသီအတွက် ဗီလာပတ်ခ်ဆီပြန်လာဖို့ အဆင်သင့်ဖြစ်နေပါတယ်။
ကွင်းလယ်ပိုင်းအတွက် အခြားရွေးချယ်စရာအကြောင်း မေးမြန်းချိန် အမ်မရီက “ အမာဒူးအိုနာနာ ပြန်လာဖို့ရှိသလို လာမယ့်ရက်ပိုင်းအတွင်း ဘာကလေလည်း ပြန်လာနိုင်ပါလိမ့်မယ်။ သူက တစ်ဦးချင်းလေ့ကျင့်ခန်းတွေသာ ပြုလုပ်နိုင်ခဲ့ပေမယ့် ကျွန်တော်တို့နဲ့ပူးပေါင်းဖို့ နီးစပ်နေပါပြီ။ ဒေါက်ကလပ်လူးဝစ်ဇ်ရဲ့အပြောင်းအရွှေ့လည်း နီးစပ်နေပြီလို့ ထင်ပါတယ်”လို့ ပြောပါတယ်။
အူနိုင်းအမ်မရီရဲ့အသင်းက ကြာသပတေးညပိုင်း၊ အိမ်ကွင်းမှာ ဆဲလ်ဘတ်ကို ယူရိုပါလိဂ်အုပ်စုပွဲစဉ်အဖြစ် ဧည့်ခံကစားရပါမယ်။ အက်စတွန်ဗီလာက နောက်ဆုံး-၁၆ သင်းအဆင့်ဆီ တိုက်ရိုက်တက်လှမ်းထားသလို အခုပွဲစဉ်မှာ အနိုင်ရရှိမယ်ဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးနေရာအထိ မျှော်လင့်နိုင်ပါလိမ့်မယ်။