ယူနိုက်တက်ကိုရှုံးနိမ့်ပြီးနောက် အာဆင်နယ်အတွက် စိုးရိမ်မိတယ်လို့ ဖွင့်ဟလာတဲ့ ပီတစ်
အာဆင်နယ်ဂန္တဝင်ပီတစ်က ပြီးခဲ့တဲ့သီတင်းပတ်၊ မန်ချက်စတာယူနိုက်တက်ကို ၂-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ အသင်းဟောင်းနဲ့ပတ်သက်လို့ ပွင့်ပွင်းလင်းလင်းပြောပြလာပါတယ်။ အမှတ်ပေးချန်ပီယံပြေးလမ်းပြိုင်ဘက် အက်စတွန်ဗီလာနဲ့ မန်စီးတီးတို့ သုံးမှတ်ကိုယ်စီစုဆောင်းထားနိုင်ချိန် အာဆင်နယ်က သရဲနီတွေကို ရှုံးနိမ့်ခဲ့တာကြောင့် လိဂ်ချန်ပီယံဆုမျှော်လင့်ချက်အတွက် အကြီးအကျယ်ထိုးနှက်ခံခဲ့ရပါတယ်။
အခုရှုံးနိမ့်မှုမတိုင်ခင် နော်တင်ဟမ်ဖောရက်စ်နဲ့လည်း ဂိုးမရှိသရေကျခဲ့တဲ့ မြောက်လန်ဒန်ကလပ်အတွက် ဖိအားက အမှတ်ပေးဇယားဦးဆောင်မှု ကို လေးမှတ်အထိ လျော့ကျသွားစေမှုဖြစ်ပြီး လာမယ့်စနေနေ့မှာလည်း လိဒ်ယူနိုက်တက်နဲ့ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။
ပီတစ်ကတော့ သူ့ရဲ့အသင်းဟောင်းဆီ ဖိအားနဲ့ ရလဒ်ဆိုးတွေ ရောက်ရှိလာနိုင်တယ်လို့ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ပါတယ်။ talkSPORT နဲ့တွေ့ဆုံချိန် ပီတစ်က “ ကစားသမားတွေကိုယ်တိုင်လည်း ဒီဖိအားကို ခံစားရပါတယ်။ အကျိုးသက်ရောက်မှု၊ အနုတ်သဘောဆောင်တဲ့အတွေး၊ ဖိအား၊ စိုးရိမ်ပူပန်မှုတွေကို သူတို့တွေ ခံစားရပါတယ်။
အထူးသဖြင့် အခုလိုအခြေအနေမျိုးမှာ သူတို့အတွက် ဒီလိုအရာတွေ မလိုအပ်ဘဲ အားပေးထောက်ခံမှုပဲ လိုအပ်ပါတယ်။ ခရစ္စမတ်ကာလအတွင်း သူတို့ကစားခဲ့တဲ့ပွဲစဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် ပွဲကြီးပွဲကောင်းတွေ ပါဝင်သလို ချန်ပီယံလိဂ်လည်း ပါဝင်ပါတယ်။ ပြိုင်ပွဲတိုင်းအတွက် အရည်အချင်းပြည့်မီခဲ့သလို အားလုံးကိုလည်း ဦးဆောင်နိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။
အိုဒီဂတ်ကတော့ ပရိသတ်တွေထံမှထိတ်လန့်တုန်လှုပ်ခြင်းဆိုတဲ့ အယူအဆကို ပယ်ချကာ အရင်ထက်ပိုပြီး စည်းလုံးညီညွှတ်စွာရပ်တည်ကြဖို့ အသင်းဖော်တွေဆီ တိုက်တွန်းခဲ့ပါတယ်။ ဂန်းနားကပ္ပတိန်က “ ကျွန်တော်တော့ အဲ့ဒီလိုမျိုး မခံစားရပါဘူး။ ပွဲစဉ်ဆီပဲ အာရုံစိုက်မိပါတယ်။
ဘောလုံးရာသီတိုင်းဟာ ရှည်လျားတဲ့တာဝေးပြေးပွဲဖြစ်ပြီး အရာအားလုံးဖြစ်လာနိုင်တယ်ဆိုတာကို သိရှိထားပါတယ်။ အခုတော့ အရင်ထက်ပိုပြီး စည်းစည်းလုံးလုံးနဲ့ လာမယ့်ပွဲစဉ်ဆီမျှော်ကြည့်ကာ အကောင်းဆုံးပြန်လာနိုင်အောင်လုပ်သွားဖို့ အချိန်တန်ပါပြီ။
ဒီလိဂ်ပြိုင်ပွဲက ခက်ခဲလွန်းပါတယ်။ ဘယ်တော့မှလွယ်ကူမှာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ကြိုးစားပြီး ရှေ့ဆက်သွားဖို့ပဲ ရှိပါတယ်။ ကျွန်တော်တို့တွေ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိနေဆဲပါ။ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့အနေအထားတစ်ရပ် ရှိနေပါသေးတယ်။
ရှုံးနိမ့်မှုအတွက် စိတ်ပျက်ခဲ့ကြပါတယ်။ ဒီပွဲစဉ်ကို ကျွန်တော်တို့ အနိုင်ရရှိသင့်ပါတယ်။ ဒါပေမဲ့ ဘောလုံးလောကဖြစ်နေလို့ အနိမ့်အမြင့်၊ အတက်အကျတွေ ရှိပါတယ်။ အခုတော့ ကျွန်တော်တို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာပဲ ကျန်ရှိပါတော့တယ်”လို့ ပြောပါတယ်။