အင်တာမီလန်ကိုအနိုင်ယူပြီးနောက် အာဆင်နယ်တိုက်စစ်မှူးတွေကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ အာတီတာ
မီခေးလ်အာတီတာက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးနေရာရှိအင်တာမီလန်ကို အနိုင်ယူပြီးနောက် အသင်းအတွက် ဂျီးဆပ်စ်နဲ့ ယောကရက်စ်တို့ရဲ့အကျိုးသက်ရောက်မှုကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဆန်စီရိုမှာ ၃-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ဂျီးဆပ်စ်က နှစ်ဂိုးသွင်းယူခဲ့သလို ဂန်းနားတွေအတွက် အပိတ်ဂိုးကိုလည်း ယောကရက်စ်က သွင်းယူခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အာဆင်နယ်က ချန်ပီယံလိဂ် အမှတ်ပေးဇယားထိပ်ဆုံး(သို့မဟုတ်)ဒုတိယနေရာမှာ ရပ်တည်ဖို့ သေချာသွားခဲ့ပါတယ်။
ဂျီးဆပ်စ်နဲ့ပတ်သက်လို့ အာတီတာက “ မယုံကြည်နိုင်စရာကစားသမားတစ်ဦးပါ။ အခုလိုပွဲကြီးပွဲကောင်းတွေမှာ ဂျီးဆပ်စ်က ပိုပြီးတောင်သက်သောင့်သက်သာကစားနိုင်ပါတယ်။ ကျွန်တော်တော့ သူ့အတွက် အလွန်ပျော်ရွှင်မိပါတယ်။ သွင်းဂိုးတွေတင်မက သူပြသခဲ့တဲ့လုပ်အားနှုန်းကြောင့် အခုပွဲစဉ်အတွက် အကောင်းဆုံးကစားသမားဆုနဲ့ ထိုက်တန်လွန်းပါတယ်။ ဒါပေမဲ့ ဂျီးဆပ်စ်တစ်ဦးတည်းတော့ မဟုတ်ပါဘူး၊ ကစားသမားအားလုံးနဲ့ သက်ဆိုင်ပါတယ်။ မဟုတ်ရင် ဆန်စီရိုမှာ အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”လို့ ပြောပါတယ်။
အလားတူ စပို့တင်းမှပြောင်းရွှေ့လာပြီးနောက် ပြိုင်ပွဲစုံ၊ ကိုးဂိုးမြောက်သွင်းဂိုးကို ရယူနိုင်ခဲ့ပေမယ့် ယောကရက်စ်အတွက် အခုပွဲစဉ်သွင်းဂိုးဟာ အလွန်အရေးကြီးတဲ့သွင်းဂိုး ဖြစ်လာလိမ့်မယ်လို့ အာတီတာ ယုံကြည်နေပါတယ်။ အာတီတာက “ အလွန်ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတစ်ခုပါ။ ပွဲစဉ်ကလည်း ယောကရက်စ်အတွက် အလွန်သင့်တော်တဲ့ပုံစံတစ်ခု ဖြစ်လာပါတယ်။ သူ့အတွက် အခွင့်အရေးကောင်းနှစ်ကြိမ် ရရှိခဲ့ပြီး တစ်ကြိမ်ကိုတော့ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့လို့ အသင်းအပေါ် အမှန်တကယ်အကူအညီဖြစ်စေတယ်လို့ ထင်ပါတယ်။
အလွန်အရေးကြီးတဲ့သွင်းဂိုးပါ။ ဒါက ယောကရက်စ်အတွက် အလွန်ကောင်းမွန်အောင်ကစားနိုင်တဲ့ ဒုတိယမြောက်အဝေးကွင်းပွဲစဉ်ဖြစ်ပြီး အခုဆိုရင် သူကိုယ်တိုင်လည်း တည်ငြိမ်မှုအချို့ကို ရှာတွေ့နေပါပြီ။ သူက အသင်းအတွက် အလွန်ထူးခြားတဲ့အရာအချို့ကို ယူဆောင်ပေးလာပါတယ်။ ဒါဟာ အချို့သောအဆုံးသတ်ပိုင်းတွေဖြစ်ပြီး သူ့အတွက်လည်း အလွန်ပျော်ရွှင်မိပါတယ်”လို့ ပြောပါတယ်။
အခုအောင်ပွဲနဲ့ပတ်သက်လို့ စိတ်ကျေနပ်မှုအဖြစ်ဆုံးအရာကို မေးမြန်းရာမှာ အာတီတာက “ သတ္တိ၊ စိတ်နေစိတ်ထားနဲ့ နောက်တစ်ဆင့်ဆီတက်လှမ်းလိုတဲ့ ဆန္ဒရှိမှုပါ။ အခုရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိပ်တန်းကလပ်အသင်းနှစ်ခုကို အိမ်ကွင်းမှာဧည့်ကစားချိန် ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ အခုတော့ ဥရောပအကောင်းဆုံးကလပ်အသင်းစာရင်းဝင်၊ စီးရီးအေရဲ့အကောင်းဆုံးအသင်းကိုလည်း ဆန်စီရိုမှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့ပါတယ်”လို့ တုံ့ပြန်ပါတယ်။
လူငယ်ကစားသမားနွမ်နာရီနဲ့ မာဆေးလ်တို့အကြား အငှားချိတ်ဆက်မှုသတင်းတွေ ထွက်ပေါ်နေပေမယ့် ကစားသမားအတွက် နောက်ဆုံးဆုံးဖြတ်ချက်ကို အခုသီတင်းပတ်အတွင်း ချမှတ်ပေးသွားမယ်လို့ ဂန်းနားနည်းပြက ဆိုပါတယ်။
အာတီတာက “ ကျွန်တော် မသိသေးပါဘူး။ အခုသီတင်းပတ်ထဲမှာတော့ ဆွေးနွေးမှုတစ်ခု ရှိပါမယ်။
သူ့အသက်အရွယ်မှာ သူနဲ့ထိုက်တန်တဲ့ပွဲကစားချိန်တွေ မရရှိဘူးဆိုတာ သိသာထင်ရှားပါတယ်။ ဒါကြောင့် အခုအချိန်မှာ အကောင်းဆုံးဖြစ်မယ့်အရာ ဘာလဲဆိုတာ ကြည့်သွားရပါမယ်။ စောင့်ကြည့်ကြတာပေါ့။ ကျွန်တော်တို့အတူထိုင်ပြီးတော့ ဒီတိုက်စစ်မှူးကို ဘယ်လိုရှေ့ဆက်သွားစေချင်လဲဆိုတာ ဆွေးနွေးသွားရပါမယ်”လို့ ပြောပါတယ်။