ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းထက် မန်စီးတီးရဲ့တိုက်ပွဲဝင်မှု ကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ ပက်ဂွါဒီယိုလာ
ခရစ္စတယ်ပဲလေ့စ်ကို ၃-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်အပြီး ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ မန်စီးတီးဟာ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုကို ပြုလုပ်နိုင်ခဲ့တယ်လို့ ပက်ဂွါဒီယိုလာက ပြောပါတယ်။ ပက်ဂွါဒီယိုလာရဲ့အသင်းက အတိတ်ကာလ၊ ဆဲလ်ဟတ်ပတ်ခ်မှာကစားရတဲ့ပွဲစဉ်တိုင်း ရုန်းကန်ရလေ့ရှိပေမယ့် အခုတစ်ကြိမ်မှာတော့ ဟာလန်း(ပင်နယ်တီအပါအဝင် နှစ်ဂိုး)၊ ဖိုဒန်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ အမှတ်ရစရာနိုင်ပွဲတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။
လတ်တလောမှာ ပရီးမီးယားလိဂ်နောက်ဆုံးလေးပွဲဆက်နိုင်ပွဲရရှိထားတဲ့ မန်စီးတီးက အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်ကို နှစ်မှတ်အကွာဖြင့် ဖိအားပေးမှုတွေ မြှင့်တင်လာပါတယ်။ ပက်ဂွါဒီယိုလာကတော့ ဘာနေဗျူးမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီး ရက်ပိုင်းအတွင်းမှာပဲ ပဲလေ့စ်ကိုအနိုင်ယူဖို့ မန်စီးတီးရဲ့ဇွဲမလျော့တမ်းကြိုးစားပုံကို အထူးအထင်ကြီးနေခဲ့ပါတယ်။
ပက်ဂွါဒီယိုလာက “ ဘယ်ပြိုင်ဘက်နဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ပုံစံအတိုင်း ပွဲကိုစတင်လာနိုင်မယ်ဆိုရင် ကောင်းမွန်တဲ့အရာတွေ ဖြစ်တည်လာပါလိမ့်မယ်။ တစ်ဦးချင်းစီရဲ့အရည်အသွေးတွေမပါဘဲ ဘောလုံးကစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ အဓိပ္ပါယ်မရှိပါဘူး။ ကျွန်တော်တို့က ထိပ်ဆုံးအဆင့်ဆီ မရောက်ရှိသေးပေမယ့် လေ့လာသင်ယူနေပါတယ်။ အနာဂတ်မှာတော့ ထိပ်ဆုံးအဆင့်နဲ့ ပိုနီးစပ်လာပါလိမ့်မယ်။ ဘာနေဗျူးမှာကစားပြီးနောက် ကျွန်တော်တို့က အက်ဖ်အေဖလားလက်ရှိချန်ပီယံနဲ့ရင်ဆိုင်ဖို့ ပြင်ဆင်ထားခဲ့ပါတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရာသီ၊ ဝင်ဘာလေကွင်းအက်ဖ်အေဖလားဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့ ပက်ဂွါဒီယိုလာက မနေ့ညပိုင်းမှာ ချိုမြိန်တဲ့နိုင်ပွဲတစ်ခုကို ရရှိခဲ့ပါတယ်။ အခုရာသီ၊ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံလီဗာပူးကို သုံးကြိမ်တိုင်တိုင်အနိုင်ယူထားတဲ့ တောင်လန်ဒန်သားတွေရဲ့ခြိမ်းခြောက်မှုကိုလည်း ပက်ဂွါဒီယိုလာကိုယ်တိုင် အသိအမှတ်ပြုခဲ့ပါတယ်။
သူက “အလုပ်တွေ အများကြီးလုပ်ရပါတယ်။ ပဲလေ့စ်ဆိုတာ အလွန်အင်အားတောင့်တင်းတဲ့ ပြိုင်ဘက်ပါ။ ဒီပြိုင်ဘက်နဲ့ရင်ဆိုင်ရချိန်တိုင်း အလွန်ခက်ခဲခဲ့ပါတယ်”လို့ ပြောပါတယ်။ ပက်ဂွါဒီယိုလာက ပြီးခဲ့တဲ့ရာသီ၊ အသင်းလူစာရင်းတစ်ခုလုံးကို ပြုပြင်ပြောင်းလဲခဲ့ပြီးနောက် မန်စီးတီးဟာ တိုးတက်နေဆဲအဆင့်မှာသာ ရှိနေသေးတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ စပိန်သားနည်းပြက ပဲလေ့စ်ကိုအနိုင်ယူသွားတဲ့ သူတို့အသင်းရဲ့တိုက်ပွဲဝင်စိတ်ဓါတ်ပိုင်းကြောင့် အားတက်နေခဲ့ပါတယ်။ ဒါက ယမန်နှစ်ဘောလုံးရာသီတလျှောက်လုံး သူတို့အသင်းမှာ ပျောက်ဆုံးနေခဲ့တဲ့ အရေးကြီးစရိုက်လက္ခဏာတစ်ခု ဖြစ်ပါတယ်။
ပက်ဂွါဒီယိုလာက “ ကျွန်တော်တို့အတွက် တိုးတက်အောင်လုပ်ဆောင်သွားရမယ့်အရာတွေ အများကြီးရှိနေပါသေးတယ်။ ရီးရဲလ်မက်ဒရစ်က ကျွန်တော်တို့ကို သင်ခန်းစာတွေ အများကြီးပေးခဲ့ပါတယ်။ စိတ်ဓါတ်ပိုင်းတင်မက အချို့ပွဲစဉ်တွေကို ချဉ်းကပ်ရာမှာ ကျွန်တော်တို့တွေ အဆင်သင့်မဖြစ်သေးပါဘူး။ တချို့ကစာသမားလေးတွေက အသက်အရွယ်ငယ်လွန်းနေပါတယ်။ ဒါပေမဲ့ သုံးဂိုးပြတ်အနိုင်ယူမှုဆိုတာ ကျွန်တော်တို့အတွက် ကြီးမားလှတဲ့စိန်ခေါ်မှုတစ်ခု ပြုလုပ်နိုင်ခြင်း ဖြစ်ပါတယ်။
အတိတ်မှာ နိုင်ပွဲတွေနဲ့ပြည့်နှက်နေချိန် ပြီးပြည့်စုံမှုရှိတယ်လို့ ယုံကြည်ပြီး အမြဲတမ်းထက်မြက်နေပါလိမ့်မယ်။ ကျွန်တော်တို့တွေ အမှတ် ၁၀၀ နဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးချိန်၊ ကျွန်တော်တို့ရရှိခဲ့တဲ့အရာတွေထဲမှာ ဒီနေ့လိုပွဲစဉ်မျိုးတွေ အများကြီးရှိခဲ့ပါတယ်။ ဇွဲကြီးပြီး ခံနိုင်ရည်ရှိမှုဆိုတာ ဒီလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။
ခက်ခဲတဲ့အခိုက်အတန့်တွေလည်း ရှိပါတယ်။ မက်ဒရစ်မှာကစားခဲ့တဲ့ပွဲစဉ်က ပြီးပြည့်စုံမှုမရှိပေမယ့် ခြေလှမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကိုရရှိဖို့အတွက် ကျွန်တော်တို့တွေ မယုံကြည်နိုင်လောက်အောင် ကြိုးစားခဲ့ပါတယ်။ ယမန်နှစ်ဘောလုံးရာသီထက် ပိုကောင်းတဲ့အခြေအနေမျိုး ကျွန်တော်တို့မှာ ရှိနေပါပြီ။ ကျွန်တော်တို့ ယှဉ်ပြိုင်နေတဲ့ပြိုင်ပွဲတိုင်းမှာလည်း အကောင်းဆုံးအခြေအနေနဲ့ အနီးစပ်ဆုံးအဆင့်မှာ ရှိနေပါတယ်”လို့ ပြောပါတယ်။