ဆန်းဒါလန်းနဲ့ပွဲစဉ်အတွင်း ခြေစွမ်းမပြသနိုင်တဲ့ ဘန်လေကို အပြင်းအထန်ဝေဖန်ခဲ့တဲ့ နည်းပြစကော့ပါကား
ဒီနေ့မနက်ပိုင်း၊ ဆန်းဒါးလန်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အပြီး ဘန်လေနည်းပြစကော့ပါကားက သူတို့အသင်းမှာ ပြိုင်ဘက်ကို အပြတ်အသတ်အရှုံးပေးခဲ့ရတယ်လို့ ပွင့်ပွင့်လင်းလင်းဝန်ခံသွားပါတယ်။
Stadium of Light ကွင်းပွဲစဉ်မှာ ဆန်းဒါးလန်းက ဘန်လေကို ၃-၀ ဂိုးဖြင့် အနိုင်ယူခဲ့ပြီး စကော့ပါကားကိုယ်တိုင်လည်း ပြိုင်ဘက်အပေါ်တုံ့ပြန်နိုင်ခြင်း အလျဉ်းမရှိခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။
Sky Sports နဲ့တွေ့ဆုံချိန် စကော့ပါကားက "ဒီနေ့ပွဲစဉ်မှာ ကျွန်တော်တို့အသင်းခြေစွမ်းပြနိုင်ခြင်း မရှိပါဘူး။ အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ရတဲ့ အဝေးကွင်းပွဲစဉ်ဆီ ကျွန်တော်တို့ ရောက်ရှိလာခဲ့တာပါ။ ဒီနေ့ပွဲစဉ်မှာ ကျွန်တော်တို့အသင်းက ဘယ်အပိုင်းကဏ္ဍမှာမဆို နောက်ကျကျန်နေခဲ့ပါတယ်။ ကျွန်တော်တို့အသင်းမှာ ကောင်းမွန်တဲ့ရလဒ်အချို့ ရှိခဲ့ဖူးပါတယ်။
ဒီနေ့ပွဲစဉ်မှာ ကျွန်တော်တို့ဟာ ဘာရည်မှန်းချက်မှမရှိတဲ့ ကလေးအသင်းတစ်ခုလို ဖြစ်နေခဲ့ပါတယ်။ တစ်ခုခုလုပ်ပြဖို့ ရောက်လာတဲ့ (သို့မဟုတ်) တစ်ခုခုလုပ်ပြဖို့ရည်ရွယ်ထားတဲ့ အသင်းတစ်ခုကို မမြင်တွေ့ခဲ့ရပါဘူး" ဟု ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။
ပွဲရလဒ်အပေါ် စိတ်ပျက်မိသလားလို့မေးမြန်းရာမှာ စကော့ပါကားက "တကယ်ကို စိတ်ပျက်မိပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ အနှစ် ၂၀ ကြာကစားသမားဘဝနဲ့ ငါးနှစ်ကြာနည်းပြဘဝတစ်လျှောက်လုံး လက်ကိုင်ထားခဲ့တဲ့စံနှုန်းတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေလို့ပါ။
ခက်ခဲတဲ့အခိုက်အတန့်တစ်ခုဆီ ရောက်ရှိနေတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ ဒီလိဂ်မှာ အရင်ထက်ပိုပြီးတောင်ခက်ခဲလို့ အသစ်တဖန်ပြန်လည်စတင်နိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့မှာ အချိန်မရှိပါဘူး။ အကြောင်းပြချက်တစ်ခုကြောင့် ကျွန်တော်တို့ ဒီအခြေအနေဆီ ရောက်ရှိနေတာပါ။ ပြန်လာနိုင်ဖို့ကြိုးစားပြီး ပိုကောင်းလာအောင်၊ ဆက်တိုးတက်လာအောင် လုပ်ဆောင်နေပါတယ်"လို့ တုံ့ပြန်ခဲ့ပါတယ်။
ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်တစ်ဦးသာ ခေါ်ယူခဲ့မှုပတ်သက်လို့ စကော့ပါကားက "ကစားသမားသစ်ခေါ်ယူနိုင်ဖို့ဆိုတာ ငွေကြေးအခြေအနေနဲ့ အခြားသောအကြောင်းအရင်းတွေပေါ်မှာ အများကြီးမူတည်ပါတယ်။ ကျွန်တော်တို့မှာ ရှိနေတဲ့အင်အားနဲ့ပဲ ရှေ့ဆက်သွားရပါမယ်။ ဒီညကတော့ ကိုယ့်ကိုယ်ကိုယ်ပြန်လည်သုံးသပ်ဖို့ လိုအပ်တဲ့အခိုက်အတန့်တစ်ခု ဖြစ်လာပါပြီ။ ဒါဟာ ကျွန်တော်တို့အတွက် ခက်ခဲလွန်းပါတယ်" ဟု ရှင်းပြခဲ့သည်။