The network connection is lost.

Banner Image

ဝေဖန်ချင်ရင် အိမ်တိုင်ရာရောက်လာဝေဖန်ဖို့ ပေါလ်စခိုးလ်ကို ပြန်လည်တုံ့ပြန်လိုက်တဲ့ မာတီနက်ဇ်

မန်ချက်စတာယူနိုက်တက်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်က မန်ချက်စတာဒါဘီပွဲစဉ်မတိုင်မီ သူ့ကို လှောင်ပြောင်ဝေဖန်ခဲ့ကြတဲ့ အသင်းရဲ့ကစားသမားဟောင်း ပေါလ်စခိုးလ်နဲ့ နစ်ကီဘတ်တို့ကို ဝေဖန်မှုတွေပြုလုပ်လိုပါက အိမ်အထိလာပြီး မျက်နှာချင်းဆိုင်ဝေဖန်ဖို့ ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။

မန်စီးတီးကို ယူနိုက်တက်က ၂-၀ နဲ့အပြတ်အသတ်အနိုင်ရခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မတိုင်မီမှာ နစ်ကီဘတ်က မန်စီးတီးတိုက်စစ်မှူးအာလင်းဟာလန်းအနေနဲ့ မာတီနက်ဇ်ကို ကလေးငယ်တစ်ယောက်လို မ,ချီပြီးပြေးသွားနိုင်တယ်လို့ ဆိုခဲ့သလို၊ ပေါလ်စခိုးကလည်း ဟာလန်းဟာ မာတီနက်ဇ်ကို ဂိုးပေါက်ထဲအထိ ပစ်ထည့်နိုင်တယ်လို့ အသီးသီး လှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။

ပွဲအပြီးမှာအဆိုပါမှတ်ချက်တွေနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာ မာတီနက်ဇ်က "ရိုးရိုးသားသားပြောရမယ်ဆိုရင် သူတို့မှာ ပြောချင်တိုင်းပြောလို့ရတဲ့ အခွင့်အရေးရှိပါတယ်။ ကျွန်တော်သူတို့ကိုပြောပြီးသားပါ။ ကျွန်တော့်ကို တစ်ခုခုဝေဖန်ချင်ရင် ကျွန်တော်တို့အိမ်ဖြစ်ဖြစ်၊ သူတို့ကြိုက်တဲ့နေရာကိုပဲဖြစ်ဖြစ် လာခဲ့လို့ရပါတယ်။ ကျွန်တော်ဂရုမစိုက်ပါဘူး"

"အသင်းကို ကူညီချင်လို့အကြံပြုတာမျိုးတော့ ကျွန်တော်လက်ခံပါတယ်။ လေးလည်းလေးစားပါတယ်။ ဒါပေမယ့် လူတိုင်းက ရုပ်သံရှေ့မှာပဲ အသံကောင်းဟစ်ကြတာပါ။ တကယ်တမ်း လူချင်းမျက်နှာချင်းဆိုင်တွေ့တဲ့အခါကျရင်တော့ ဘာမှမပြောရဲကြပါဘူး။ ဒါကြောင့် သူတို့ ဘာပြောပြော ကျွန်တော်က ဂရုကိုမစိုက်တာပါ။ ကျွန်တော့်ရဲ့စွမ်းဆောင်ရည်၊ အသင်းရဲ့စွမ်းဆောင်ရည်အပေါ်မှာပဲ အာရုံစိုက်ထားပြီး ကလပ်အတွက် နောက်ဆုံးအချိန်အထိ အစွမ်းကုန်ပေးဆပ်သွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။

မန်ချက်စတာဒါဘီပွဲစဉ်မှ ပရိသတ်တွေရဲ့အားပေးမှုနဲ့ပတ်သက်ပြီးတော့လည်း အာဂျင်တီးနားနောက်ခံလူက "ဒါက ကျွန်တော်တို့နဲ့ ပရိသတ်ကြားက ဆက်သွယ်မှုပါပဲ။ ကွင်းထဲမှာကျွန်တော်တို့ အသင်းကို ဘယ်လိုကိုယ်စားပြုနေလဲဆိုတာ အရေးကြီးပါတယ်။ ကျွန်တော်တို့ အသင်းအတွက်တိုက်ပွဲဝင်နေတာကိုမြင်ရရင် သူတို့ ကျွန်တော်တို့ဘက်မှာရှိနေမှာပါ။ တစ်ခါတလေ ကျွန်တော်တို့ စွမ်းဆောင်ရည်မကောင်းရင်လည်း ပရိသတ်က ဘယ်ချိန်ပြန်ကောင်းလာမလဲဆိုပြီး မျှော်လင့်တတ်ကြပါတယ်။ ဒါကြောင့် ပရိသတ်တွေကို ကျွန်တော်တို့ အပြည့်အဝနားလည်ပါတယ်" လို့ဖြေကြားခဲ့ပါတယ်။