The network connection is lost.

Banner Image

ခရစ္စတယ်ပဲလေ့စ်သို့ ပြောင်းရွှေ့နိုင်ခဲ့လို့ အလွန်စိတ်လှုပ်ရှားမိကြောင်း ဖွင့်ဟလာတဲ့ တိုက်စစ်မှူး စထရန် လာဆင်

နော်ဝေတိုက်စစ်မှူး ဂျော်ဂင်စထရန်လာဆင်ဟာ ဝုဗ်အသင်းကနေ ခရစ္စတယ်ပဲလေ့စ်အသင်းဆီသို့ ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့နိုင်ခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်မိကြောင်းနဲ့ စိတ်လှုပ်ရှားမိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
အသင်းက သူ့ကို စိတ်ဝင်စားနေတယ်ဆိုတာ ကြားလိုက်ရတဲ့အချိန်မှာတင် ချက်ချင်းလက်ခံဖို့ ဆုံးဖြတ်ခဲ့တာလို့ စထရန် လာဆင်က ပဲလေ့စ်အသင်းရဲ့ တရားဝင်ဝဘ်ဆိုက်ကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။ ဒီပြောင်းရွှေ့မှုဟာ သူ့အတွက် လိုအပ်နေတဲ့အရာဖြစ်သလို ကလပ်အသစ်အတွက် အကောင်းဆုံးပေးဆပ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ လာဆင်က ဆိုပါတယ်။

"ကျွန်တော်ဟာ အသင်းဆီကို စွမ်းအင်တွေ၊ ဂိုးတွေ ယူဆောင်လာပေးဖို့နဲ့ အသင်းအတွက် အကောင်းဆုံး လုပ်ဆောင်ပေးဖို့ ရောက်ရှိလာတာပါ" လို့ ၎င်းက ဖွင့်ဟခဲ့ပါတယ်။ အသင်းပြောင်းတဲ့အခါ စဉ်းစားစရာတွေ အများကြီးရှိပေမဲ့ ကလပ်အသင်းက သူ့အပေါ် ဘာတွေမျှော်လင့်သလဲဆိုတာနဲ့ အသင်းရဲ့ အနာဂတ် ရည်မှန်းချက်တွေကိုပဲ အဓိက ကြည့်ရှုခဲ့တယ်လို့လည်း သိရပါတယ်။

စထရန် လာဆင်ဟာ အသင်းကို နိုင်ပွဲတွေ ရရှိအောင် ကူညီပေးနိုင်သလို ရာသီအစမှာ ပဲလေ့စ်အသင်း ပြသခဲ့တဲ့ အကောင်းဆုံးခြေစွမ်းမျိုးဆီ ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်ပေးနိုင်မယ့် ကစားသမားတစ်ဦးဖြစ်တယ်လို့လည်း အသင်းဘက်က ရှုမြင်ထားပါတယ်။ ပဲလေ့စ်အသင်းအနေနဲ့ ဇယားထိပ်ပိုင်းမှာ ရှိနေနိုင်တဲ့ အသင်းမျိုးဖြစ်သလို အဲဒီနေရာမှာလည်း ရှိနေသင့်တဲ့ အသင်းမျိုးဖြစ်တယ်လို့ လာဆင်က ယုံကြည်နေပါတယ်။

ပဲလေ့စ်ဆီ ပြောင်းရွှေ့လာတာဟာ သူ့အတွက် စိတ်ချလုံခြုံမှုရှိတယ်လို့ ခံစားရပြီး တိုက်စစ်မှူးတစ်ယောက်အတွက် လိုအပ်တဲ့ ပံ့ပိုးမှုတွေ ရရှိနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

"ကျွန်တော်က အရပ်ရှည်တဲ့ တိုက်စစ်မှူးတစ်ယောက်ပါ။ ဂိုးဧရိယာအတွင်းနဲ့ ပတ်ဝန်းကျင်မှာပဲ ကစားရတာကို နှစ်သက်ပြီး ဂိုးသွင်းယူဖို့အတွက် အမြဲတမ်း အာရုံစိုက်ထားသူပါ" လို့လည်း စထရန် လာဆင်က ၎င်းရဲ့ ကစားဟန်နဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။