လုပ်ခလစာအများအပြား အနစ်နာခံပြီး အိုးထရက်ဖို့ဒ်ဆီ တစ်ကျော့ပြန်လာဖို့ ရော်နယ်ဒို ပြင်ဆင်နေ
ပေါ်တူဂီထိပ်တန်းဂိုးသွင်းရှင် ခရစ္စတီယာနို ရော်နယ်ဒိုဟာ လာမယ့်နွေရာသီမှာ အိုးထရက်ဖို့ဒ်ကွင်းဆီ တစ်ကျော့ပြန်လာဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ နှစ်ဖက်စလုံးဟာ သဘောတူညီမှုရရှိဖို့အတွက် နီးစပ်တဲ့အခြေအနေကို ရောက်ရှိနေပြီလို့လည်း သတင်းတွေကဖော်ပြနေတာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းမှာ နည်းပြ အဲရစ်တန်ဟက်ဂ်နဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက်ပိုင်း ပီးယားစ်မော်ဂန်နဲ့ အင်တာဗျူးမှာ အသင်းအကြောင်း ဝေဖန်ပြောကြားခဲ့ရာကနေ ယူနိုက်တက်အသင်းနဲ့ အငြင်းပွားဖွယ် လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ သူဟာ ဥရောပက ကမ်းလှမ်းမှုတွေကို ပယ်ချပြီး ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းဆီကို လုပ်ခလစာအများအပြားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ လက်ရှိမှာ အယ်လ်နာဆာအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး စုစုပေါင်း ပေါင် ၄၉၂ သန်းအထိ ရရှိသွားမယ့် သဘောတူညီချက်ရှိနေတာဖြစ်ပါတယ်။
ဒါပေမဲ့ မကြာသေးခင်ရက်ပိုင်းအတွင်းမှာတော့ ရော်နယ်ဒိုဟာ ဆော်ဒီအစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (ပီအိုင်အက်ဖ်) က တခြားအသင်းတွေကို ပိုမိုပံ့ပိုးပေးနေတာကြောင့် စိတ်ပျက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အယ်လ်နာဆာအသင်းဟာ ဒီဆောင်းရာသီမှာ အသက် ၂၁ နှစ်အရွယ် အီရတ်ဗဟိုနောက်ခံလူ ဟေယာအဗ္ဗဒူလ်ကာရင် တစ်ဦးတည်းကိုပဲ ခေါ်ယူနိုင်ခဲ့ချိန်မှာ ပြိုင်ဘက် အယ်လ်ဟီလယ်အသင်းက ကာရင်ဘန်ဇီမာလို ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။
စပိန်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ ဖီချာဂျက်စ်ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုဟာ နွေရာသီမှာ အယ်လ်နာဆာကနေ ထွက်ခွာချင်နေပြီး မန်ယူနိုက်တက်ဆီ ပြန်လာဖို့ ဆွေးနွေးမှုတွေ စတင်နေပြီလို့ ဆိုပါတယ်။
ရော်နယ်ဒိုရဲ့ စာချုပ်မှာ ယူရို သန်း ၅၀ နဲ့ အလျော်ပေးဖျက်သိမ်းနိုင်တဲ့ အချက်ပါဝင်နေပြီး မေဂျာလိဂ်ကလပ်အသင်းအချို့ကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ဒါပေမဲ့ ရော်နယ်ဒိုရဲ့ ဆန္ဒကတော့ သူ့ရဲ့ ထိပ်တန်းကစားသမားဘဝကို "အိမ်မက်ပြဇာတ်ရုံ" လို့ တင်စားကြတဲ့ အိုးထရက်ဖို့ဒ်မှာပဲ အဆုံးသတ်ချင်နေတာ ဖြစ်ပါတယ်။
ယူနိုက်တက်ဘုတ်အဖွဲ့ကလည်း ရော်နယ်ဒိုရဲ့ အရင်က ထွက်ခွာမှုဟာ နည်းပြ အဲရစ်တန်ဟက်ဂ်နဲ့သာ ပုဂ္ဂိုလ်ရေးအရ ပဋိပက္ခဖြစ်ခဲ့တာလို့ ယူဆထားပါတယ်။ အခုအခါမှာ တန်ဟက်ဂ်ကလည်း ထွက်ခွာသွားခဲ့ပြီဖြစ်လို့ ရော်နယ်ဒိုလို ထိပ်တန်းအဆင့် ခေါင်းဆောင်မှုနဲ့ ဂိုးသွင်းစွမ်းရည်ရှိသူကို ပြန်လည်ခေါ်ယူဖို့ စိတ်အားထက်သန်နိုင်တယ်လို့ သတင်းတွေကဆိုပါတယ်။
ဒီအပြောင်းအရွှေ့ ဖြစ်မြောက်ဖို့အတွက် ရော်နယ်ဒိုဘက်ကလည်း အနစ်နာခံမှုတစ်ခုအနေနဲ့ အရှေ့အလယ်ပိုင်းမှာ ရရှိနေတဲ့ သူ့ရဲ့ လုပ်ခလစာကို အများအပြား လျှော့ချသွားဖို့လိုအပ်မှာဖြစ်ပါတယ်။ အပြောင်းအရွှေ့ဖြစ်ပေါ်လာခဲ့မယ်ဆိုရင်တော့ ဒါဟာ ငွေကြေးထက် အားကစားဆိုင်ရာ အောင်မြင်မှုကို ဦးစားပေးတဲ့ သဘောတူညီမှု ဖြစ်လာဖို့ရှိပါတယ်။
နိုက်တက်အသင်းဘက်ကလည်း ရော်နယ်ဒိုကို ကာလတိုစာချုပ်တစ်ခု ကမ်းလှမ်းဖို့ ဆုံးဖြတ်ထားတယ်လို့ဆိုပါတယ်။ ဆော်ဒီလိဂ် ရာသီသိမ်းတာနဲ့ စာရွက်စာတမ်းကိစ္စတွေကို အပြီးသတ်ပြီး ရော်နယ်ဒိုတစ်ယောက် အိုးလ်ထရက်ဖို့ဒ်သို့ တကျော့ပြန်လည်ရောက်ရှိလာမလား စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။