ပွဲကြီးပွဲကောင်းတွေမှာ ဘယ်လိုကစားရမလဲဆိုတာ ချဲလ်ဆီးအသင်း ကောင်းကောင်းသိတယ်လို့ ရိုစီနီယာ ကြုံးဝါး
ချဲလ်ဆီးနည်းပြ လီယမ်ရိုစီနီယာက ပြီးခဲ့တဲ့ရာသီက ဆုဖလားကြီးနှစ်ခုအထိ ရယူနိုင်ခဲ့ပြီးနောက် ကစားသမားတွေဟာ ပွဲကြီးပွဲကောင်းတွေမှာ စွမ်းဆောင်ရည်ကောင်းပြနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။
နည်းပြဟောင်း အန်ဇိုမာရက်စ်ကာ လက်ထက် ချဲလ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ်ချန်ပီယံဖြစ်ခဲ့သလို၊ ပြီးခဲ့တဲ့ နွေရာသီ အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ပုံစံသစ် ဖီဖာကလပ်ကမ္ဘာ့ဖလားမှာလည်း ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ချဲလ်ဆီးအသင်းဟာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ကစားရဖို့ ရှိနေပြီး၊ ပထမအကျော့ ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။
ဒါပေမဲ့ ရိုစီနီယာကတော့ ချဲလ်ဆီးကစားသမားတွေရဲ့ ပွဲကြီး အတွေ့အကြုံတွေက အခုလို အရေးပါတဲ့ပွဲမှာ အသုံးဝင်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။
ရိုစီနီယာက "ဟုတ်ပါတယ်။ ကမ္ဘာ့ဖလား ဆွတ်ခူးထားတဲ့ အန်ဇိုဖာနန်ဒက်ဇ်ကို ကျွန်တော် မြင်သလို၊ မနှစ်က ဆုဖလား နှစ်လုံးရထားတဲ့ ဒီကစားသမားအစုအဖွဲ့ကိုလည်း ကျွန်တော် မြင်ပါတယ်။ သူတို့ ပွဲကြီးတွေမှာ ကောင်းကောင်းကစားနိုင်ပါတယ်။
သူတို့တွေ ပွဲကြီးပွဲကောင်းတွေမှာ စွမ်းဆောင်ရည် ပြသနိုင်ပါတယ်။ ဒီနေ့ကတော့ သေချာပေါက် ပွဲကြီးပွဲကောင်း တစ်ပွဲပါပဲ" လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး ရိုစီနီယာက "အာဆင်နယ် (ဒါမဟုတ်) နည်းပြ အာတီတာ ဘာလုပ်ခဲ့တယ်၊ ဘာမလုပ်ခဲ့ဘူး ဆိုတာတွေကို ကျွန်တော် ပြောမှာ မဟုတ်ပါဘူး။ အဲ့ဒါ ကျွန်တော့် ကိစ္စမဟုတ်ပါဘူး။ ကျွန်တော် အာရုံစိုက်တာက နားရက်ပါပဲ။
ဒီအပတ်က နောက်ထပ် သုံးပွဲကစားရမယ့် သီတင်းပတ် ဖြစ်ပါတယ်။ ကျွန်တော်တို့ အမြန်ဆုံး ပြန်လန်းဆန်းလာနိုင်ဖို့ လိုပါတယ်။ ဒီညပွဲက ကြံ့ခိုင်မှုပိုင်းဆိုင်ရာ အားကုန်ထုတ်ရမယ့် ပွဲဖြစ်လာမှာမို့ အသင်းကို အကောင်းဆုံး ပြင်ဆင်ပေးဖို့ပဲ အာရုံစိုက်ထားပါတယ်"လို့ ရှင်းပြခဲ့ပါတယ်။
ကာရာဘောင်ဖလား ဗိုလ်လုပွဲ တက်ရောက်နိုင်ခြင်းနဲ့ အာတီတာရဲ့ အာဆင်နယ်ကို ကျော်ဖြတ်နိုင်ခြင်းက ချဲလ်ဆီးနည်းပြရာထူးနဲ့ ထိုက်တန်သူဖြစ်ကြောင်း သက်သေပြရာ ရောက်မလားလို့ မေးမြန်းတဲ့အခါ ရိုစီနီယာက "ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။ ကျွန်တော်က ဒီနေရာနဲ့ ထိုက်တန်လား မထိုက်တန်လား သက်သေပြနေရမယ့် ကိစ္စတွေကို တကယ် ဂရုမစိုက်ပါဘူး။ ကျွန်တော် ဒီကို လာတာ အလုပ်လုပ်ဖို့ပါ။
တကယ်လို့ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ရင် ဒါဟာ ချဲလ်ဆီးအသင်းအတွက် အရမ်းကောင်းမွန်တဲ့ အရာပါ။ ကျွန်တော့်အတွက် မဟုတ်ပါဘူး။ ကျွန်တော် ထိုက်တန်မှု ရှိမရှိ ဆိုတာကို အချိန်တန်ရင် သက်သေပြသွားမှာပါ။ ဒါပေမဲ့ ဒါက လက်ရှိ ကျွန်တော့်စိတ်ထဲမှာ ဦးစားပေးထားတဲ့ အရာ မဟုတ်ပါဘူး" လို့ ပြောခဲ့ပါတယ်။