အသင်းလက်မဲ့ဖြစ်နေတဲ့ ချိန်ဘာလိန်ကို ပြန်လည်ခေါ်ယူရန် အာတီတာ စဉ်းစားနေ
အာဆင်နယ်နည်းပြ မီကယ်အာတီတာက အသင်းလက်မဲ့ဖြစ်နေတဲ့ ကစားသမားဟောင်း အဲလက်စ်အောက်စ်လိတ်-ချိန်ဘာလိန်ကို ပြန်လည်ခေါ်ယူဖို့ စဉ်းစားနေကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ နွေရာသီက ဘက်ဆစ်တက်အသင်းကနေ ထွက်ခွာလာခဲ့ပြီးနောက် အာဆင်နယ်မှာ လေ့ကျင့်ခန်းဆင်းနေတာ တစ်လကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ကနဦးမှာ ယူ-၂၁ အသင်းနဲ့အတူ လေ့ကျင့်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ အပတ်ကစပြီး အာတီတာရဲ့ စီနီယာအသင်းကြီးနဲ့အတူ ပူးပေါင်းလေ့ကျင့်ခွင့် ရရှိခဲ့တာကို တွေ့ရပါတယ်။ချိန်ဘာလိန်ကို စာချုပ်ချုပ်ဆိုဖို့ ရှိ၊ မရှိ မေးမြန်းရာမှာ အာတီတာက "ကျွန်တော်တို့ ဖြစ်နိုင်ခြေရှိတဲ့ အခွင့်အလမ်းမှန်သမျှကို ရှာဖွေနေပါတယ်" လို့ ဖြေကြားခဲ့ပါတယ်။
ဂန်းနားတွေဟာ ခြေဖဝါးခွဲစိတ်မှုကြောင့် ရာသီကုန်အထိ အနားယူရဖွယ်ရှိတဲ့ မီရီနိုရဲ့ နေရာမှာ အစားထိုးဖို့အတွက် ကွင်းလယ်လူတစ်ဦး အရေးပေါ် လိုအပ်နေတာ ဖြစ်ပါတယ်။
ဆက်လက်ပြီး အာတီတာက" ပြိုင်ပွဲစုံ ကစားဖို့ ၄ လလောက် ကျန်သေးတဲ့အချိန် အသင်းမှာ အခုလို အရေးပါတဲ့သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရရင် အစားထိုးကစားသမားရှာဖွေရမှာပါပဲ" လို့ ပြောကြားခဲ့ပါတယ်။