ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လက်လျှော့မှာမဟုတ်ကြောင်း အခိုင်အမာပြောကြားလာတဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပက်ဂွါဒီယိုလာက အသင်းဟာ ချန်ပီယံလိဂ်အပါအဝင် အခြားပြိုင်ပွဲတွေမှာလည်း ဆက်လက်ကျန်ရှိနေဆဲဖြစ်ပေမယ့် ယခုရာသီအတွက် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလည်း လက်လျှော့မှာမဟုတ်သေးကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့က မြောက်လန်ဒန်မှာ ကစားခဲ့တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ဂွါဒီယိုလာရဲ့အသင်းဟာ ပွဲကို အလုံးစုံစိုးမိုးထားနိုင်ခဲ့ပြီး ပထမပိုင်းမှာတင် နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ သို့သော်လည်း ပွဲပြီးဆုံးချိန်မှာတော့ ၂-၂ နဲ့သရေကျခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်အသင်းက အရှိန်အဟုန်နဲ့ အမှတ်ဖြတ်နေချိန်မှာ မန်စီးတီးအတွက် အခုလို ရမှတ်လျော့နည်းခဲ့တာက ထိခိုက်မှု ဖြစ်စေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ပွဲအခြေအနေက ပြောင်းလဲသွားခဲ့ပြီး အိမ်ရှင် စပါးအသင်းဘက်က ဒိုမနစ် ဆိုလန်ကီက မာ့ခ်ဂူဟီကို ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့တယ်ဆိုတဲ့ အငြင်းပွားဖွယ်ရာတွေကြားကပဲ အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဆိုလန်ကီကပဲ လှပတဲ့ ကန်ချက်နဲ့အတူ ချေပဂိုး ထပ်မံသွင်းယူပြီး ပွဲကို သရေရလဒ် ဖြစ်စေခဲ့တာပါ။
ပွဲအပြီးမှာတော့ သတင်းထောက်တွေက ပြိုင်ပွဲစုံ ရင်ဆိုင်နေရတဲ့ အခြေအနေမှာ ပရီးမီးယားလိဂ်ကို လက်လျှော့ပြီး ချန်ပီယံလိဂ်နဲ့ အခြားဖလားတွေကိုပဲ အာရုံစိုက်တော့မှာလားလို့ ဂွါဒီယိုလာကို မေးမြန်းခဲ့ကြပါတယ်။
သို့သော်လည်း "ကျွန်တော့်ကို ပရီးမီးယားလိဂ်ဖလားကို စွန့်လွှတ်လိုက်ဖို့ ပြောနေတာလား။ ကစားဖို့က ၁၄ ပွဲတောင် ကျန်ပါသေးတယ်" လို့ ဂွါဒီယိုလာက ပြတ်သားစွာ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
"လွန်ခဲ့တဲ့ တစ်လလောက်က ကျွန်တော်တို့ဆီမှာ ဒဏ်ရာရကစားသမားတွေ အများကြီး ရှိခဲ့ပါတယ်။ ကစားသမား ၉ ယောက်၊ ၁၀ ယောက်လောက်အထိ မကစားနိုင်ခဲ့တာကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့က လက်ရှိနေရာမှာ ရှိနေဆဲဖြစ်ပြီး ဆက်ပြီးတော့ ကြိုးစားသွားမှာပါ" လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ဂွါဒီယိုလာက "ပွဲစဉ်ဇယားက ဘယ်လိုရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကာရာဘောင်ဖလား ဗိုလ်လုပွဲတက်ဖို့ ဆီမီးဖိုင်နယ် ကစားရမယ်၊ အဲ့ဒီနောက် အန်ဖီးလ်ကို သွားရမယ်၊ ဒါတွေက ကျွန်တော်တို့ ဆက်လုပ်ရမယ့် အလုပ်တွေပါပဲ" လို့ ဖွင့်ဟခဲ့ပါတယ်။
လက်ရှိမှာ အာဆင်နယ်အသင်းနဲ့ ၆ မှတ်အကွာကို ရောက်ရှိသွားပေမဲ့လည်း အခွင့်အရေးရှိသရွေ့ မျှော်လင့်ချက်က အမြဲတမ်းရှိနေမှာဖြစ်ကြောင်း သူက ဆိုပါတယ်။ အတိတ်က ပွဲစဉ်တွေမှာလည်း ဒီလိုအခြေအနေမျိုးကနေ ဘယ်လိုအနိုင်ယူရမလဲဆိုတာကို နားလည်ခဲ့ရတယ်လို့လည်း ဂွါဒီယိုလာက ထောက်ပြခဲ့ပါတယ်။
"အခက်အခဲတွေ အများကြီးရှိနေပေမဲ့ ကစားသမားတွေ ပြန်လာနေပြီဖြစ်သလို သူတို့ဆီမှာ အံ့အားသင့်စရာ စိတ်ဓာတ်ကောင်းတွေကိုလည်း ကျွန်တော် မြင်တွေ့နေရပါတယ်။ အားလင်း ဟာလန်းက ပုံစံကောင်း ပြန်ရနေပြီဖြစ်သလို ကွင်းလယ်မှာ နီကို အိုရီလီ၊ ဘာနာဒို ဆေးလ်ဗားနဲ့ ရိုဒရီတို့က ကျွန်တော်တို့ လိုအပ်တဲ့ ကြံ့ခိုင်မှုနဲ့ ကစားကွက်ကို ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်" လို့ ဂွါဒီယိုလာက ဆိုပါတယ်။
ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ဘောလုံးပိုင်ဆိုင်မှုပိုင်းမှာ တည်ငြိမ်မှု အားနည်းခဲ့ပေမဲ့ အခုပွဲမှာတော့ ကစားသမားတွေက ကောင်းမွန်တဲ့ ပုံစံကို ပြသနိုင်ခဲ့တယ်လို့ သူက ယူဆနေပါတယ်။ ဒါပေမဲ့လည်း ဂိုးဧရိယာအစပ်မှာ တစ်ယောက်ချင်း အသာစီးရတဲ့ အခြေအနေတွေမှာ ဂိုးကန်သွင်းမှု အပိုင်းကိုတော့ ထပ်မံတိုးတက်အောင် လုပ်ဆောင်ရမယ်လို့ ဝန်ခံခဲ့ပါတယ်။
ဒဏ်ရာရကစားသမားတွေ ပြန်လာပြီး အဓိကကစားသမားတွေ ပုံစံကောင်း ပြန်ရလာတာကြောင့် မန်ချက်စတာစီးတီးအနေနဲ့ ပြိုင်ပွဲအရပ်ရပ်မှာ ဆက်လက်တိုက်ပွဲဝင်ဖို့ အခြေခံကောင်းတွေ ရှိနေဆဲဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
လာမယ့် နယူးကာဆယ်ယူနိုက်တက်နဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်နဲ့ လီဗာပူးအသင်းရဲ့ အန်ဖီးလ်ကွင်းကို သွားရောက်ကစားရမယ့် ပွဲစဉ်တွေက မန်စီးတီးရဲ့ ဒီရာသီ မျှော်လင့်ချက်တွေအတွက် အဆုံးအဖြတ် ဖြစ်လာမှာပါ။