The network connection is lost.

Banner Image

အာဆင်နယ်က ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ပြီး သူတို့ အမှားလုပ်မှ လိုက်မီနိုင်မယ်လို့ ဂွါဒီယိုလာ ဝန်ခံ

မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးအသင်းဖြစ်တယ်လို့ ပြတ်ပြတ်သားသား ချီးကျူးလိုက်ပါတယ်။ ဒါ့အပြင် (၇) မှတ်အကွာ ပြတ်ကျန်နေတဲ့ မန်စီးတီးအသင်းအနေနဲ့ အာဆင်နယ်ကို ပြန်လိုက်မီဖို့ဆိုရင် ပြိုင်ဘက်ရဲ့ အမှားတစ်ခုခုကိုပဲ စောင့်ဆိုင်းရတော့မယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံထားပါတယ်။

ဂွါဒီယိုလာက မကြာသေးမီက အင်တာမီလန်ကို အနိုင်ရခဲ့တဲ့ အာတီတာရဲ့ အာဆင်နယ်အသင်းအပေါ် "လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းပါပဲ။ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ကာရာဘောင်ဖလား ပြိုင်ပွဲစုံမှာ သူတို့ရဲ့ ခြေစွမ်းကို ကြည့်လိုက်ပါ" လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ 
လက်ရှိအချိန်မှာ မန်စီးတီးအသင်းဟာ ပြိုင်ပွဲစုံ နှစ်ပွဲဆက် ရှုံးပွဲတွေ့ထားပြီး ယနေ့ည ဝုဗ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဂွါဒီယိုလာဟာအသင်းတွင်းက ဝေဖန်မှုတွေကို ရှင်းလင်းသွားခဲ့ပါတယ်။ အဓိကတိုက်စစ်မှူး ဟာလန်း ပွဲပန်းနေတယ်ဆိုတဲ့ သတင်းတွေအပေါ် ပွဲစဉ်ဇယားတွေ စိပ်လွန်းတာကြောင့်သာ ဖြစ်ပြီး၊ ချန်ပီယံလိဂ်မှာ ဘိုဒိုဂလင့်အသင်းကို ရှုံးနိမ့်ခဲ့တာဟာလည်း ကစားသမားတစ်ဦးတည်းရဲ့ အပြစ်မဟုတ်ကြောင်း ကာကွယ်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၄ ဘော်လွန်းဒီအော်ဆုရှင် ကွင်းလယ်လူ ရိုဒရီရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း "ကျွန်တော်တို့ ဘာလို့ ရုန်းကန်နေရလဲဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ်။ ရိုဒရီအနေနဲ့ (၁၁) လလောက် နားထားရတာကြောင့် သူ့ကို အချိန်ပေးဖို့ လိုပါတယ်" လို့ ဂွါဒီယိုလာက ရှင်းပြခဲ့ပြီး ကမ္ဘာ့အဆင့်မီ ခြေစွမ်းပြန်ရလာမယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။