ပဲလေ့စ်နဲ့ပွဲမှာခြေစွမ်းပြခဲ့တဲ့ လူငယ်ကြယ်ပွင့် အက်စ်တီဗာအိုကို ရိုဆင်နီယာချီးကျူး
ချဲလ်ဆီးနည်းပြသစ် လီယမ်ရိုဆင်နီယာက တနင်္ဂနွေနေ့ညက ခရစ္စတယ်ပဲလေ့စ်ကို ၁-၃ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် အထူးခြေစွမ်းပြသခဲ့သလို၊ ဦးဆောင်ဂိုးကိုလည်း သွင်းယူပေးခဲ့တဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေး ဝီလီယမ်အက်စ်တီဗာအိုကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
အက်စ်တီဗာအိုအနေနဲ့ အသင်းအတွက်လိုအပ်နေတဲ့ ဦးဆောင်ဂိုးကို ပထမပိုင်းမှာ သွင်းယူပေးနိုင်ခဲ့သလို၊ ဒုတိယပိုင်းမှာလည်း အသင်းဖော် ဂျာအိုပက်ဒရိုအတွက် ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာအက်စ်တီဗာအိုဟာ ပဲလေ့စ်ရဲ့နောက်တန်းအမှားမှတစ်ဆင့် ဘောလုံးကိုပြေးဆွဲယူပြီး ဂိုးထဲသို့ကန်သွင်းခဲ့ကာ နိုဝင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂိုးပြန်လည်ရရှိခဲ့ပါတယ်။
ပွဲအပြီးမှာတော့ အက်စ်တီဗာအိုနဲ့ပတ်သက်ပြီး ရိုဆင်နီယာက "သူက ထူးခြားတဲ့အရည်အချင်း၊ ထူးခြားတဲ့ပါရမီရှိတဲ့ ကစားသမားတစ်ယောက်ပါ။ ဒီနေ့မှာ ကျွန်တော့်အတွက်စိတ်အကျေနပ်ရဆုံးအချက်ကတော့ အသင်းရဲ့ကစားသမား ၁၁ ယောက်စလုံး နောက်တန်းကို ပြန်ဆင်းကူတာပါပဲ။ ဒီလို စုစုစည်းစည်းကစားခဲ့လို့သာ ကျွန်တော်တို့အတွက် နေရာလွတ်တွေပိုရလာခဲ့တာပါ။ ဒီနေ့ အဝေးကွင်းမှာ ထိပ်တန်းအသင်းတစ်သင်းရဲ့စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ရိုဆင်နီယာဟာ ယခုလအစောပိုင်းမှာ ချဲလ်ဆီးနည်းပြအဖြစ် စတင်ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး ယခုခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်ဟာ အသင်းအတွက် ကြီးမားတဲ့စမ်းသပ်ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ချဲလ်ဆီးအတွက် တတိယမြောက်သွင်းဂိုးကိုတော့ ပက်ဒရိုကြောင့်ရရှိလာတဲ့ ပင်နယ်တီမှတစ်ဆင့် အန်ဇိုဖာနန်ဒက်ဇ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း ချဲလ်ဆီးဟာ တစ်ယောက်လျော့ ပဲလေ့စ်ကို ရင်ဆိုင်ချိန်မှာ နောက်တန်းပိုင်းလိုအပ်ချက်ရှိခဲ့ကြောင်းကို ရိုဆင်နီယာက "ဘောလုံးမှာ အမှားဆိုတာရှိတတ်ပါတယ်။ ကျွန်တော်တို့ နောက်တန်းပိုင်းမှာ တိုးတက်ဖို့အချိန်ယူရပါဦးမယ်။ လေ့ကျင့်မှုတွေ ထပ်တလဲလဲလုပ်ရင် အသင်းရဲ့ကစားကွက်တည်ဆောက်ပုံ ပိုပြီးတော့ တိုးတက်လာမှာပါ။ အခုတော့ ဗုဒ္ဓဟူးနေ့ပွဲအတွက် အာရုံစိုက်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ရိုဆင်နီယာဟာ ချဲလ်ဆီးကို ၅ ပွဲကိုင်တွယ်ခဲ့ပြီးနောက် ၄ ပွဲအထိ အနိုင်ရထားတာကြောင့် ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုတွေကို စတင်ရရှိလာခဲ့ပြီဖြစ်ပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ ချဲလ်ဆီးဟာ ခက်ခဲတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် နာပိုလီနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နောက်တစ်ဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ဖို့ မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်နေပါတယ်။