The network connection is lost.

Banner Image

မာဆေးလ်သို့ အငှားထွက်ခွာသွားတဲ့ နွာနီရီအတွက် ဆုတောင်းစကားပြောကြားလာတဲ့ အိုဒီဂတ်

အာဆင်နယ်အသင်းခေါင်းဆောင် မာတင်အိုဒီဂတ်က ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းမှ ထွက်ခွာပြီး ပြင်သစ်ကလပ် မာဆေးလ်သို့ အငှားစာချုပ်နဲ့သွားရောက်ကစားတဲ့ အသင်းဖော်အီသန်နွာနီရီအတွက် ဆုတောင်းစကားပြောကြားလာခဲ့ပါတယ်။
 
အသက်-၁၈ နှစ်အရွယ်သာရှိသေးတဲ့ နွာနီရီဟာ မာဆေးလ်သို့ရောက်ရှိလာပြီးနောက် ၂၄ နာရီအတွင်းမှာပဲ လန်းစ်နဲ့ ပြင်သစ်လီဂူးပွဲစဉ်မှာ ပါဝင်ကစားခွင့်ရခဲ့ပြီး အသင်းသစ်အတွက် ဂိုးစတင်သွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ အာဆင်နယ်အကယ်ဒမီထွက် နွာနီရီအနေနဲ့ နည်းပြမီခေးလ်အာတီတာရဲ့ အာဆင်နယ်အသင်းမှာ ပုံမှန်နေရာရရှိဖို့အတွက် မာဆေးလ်သို့ အငှားထွက်ခွာမှုကို အကောင်းဆုံးအသုံးချနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ 

အိုဒီဂတ်အနေနဲ့လည်း ရီးရဲလ်မက်ဒရစ်မှာရှိစဉ်က အသင်းမှာ နေရာရဖို့အတွက် အငှားထွက်ခွာကစားခဲ့ရတဲ့ အတွေ့အကြုံရှိသူဖြစ်ပါတယ်။ ဒါကြောင့် ယခုအခါမှာတော့ နွာနီရီကို အခုလို အငှားထွက်ခွာကစားတာက အကောင်းဆုံးဖြစ်ကြောင်း ရှင်းပြလာခဲ့တာဖြစ်ပါတယ်။ 

အိုဒီဂတ်က "ကျွန်တော် လူငယ်ကစားသမားဘဝတုန်းက မကြာခဏဆိုသလို အငှားထွက်ခွာကစားခဲ့ရပါတယ်။ ဒါကြောင့် နွာနီရီမထွက်ခင်မှာ သူနဲ့စကားပြောပြီးအကြံပေးခဲ့ပါတယ်။ သူက သူ့ရဲ့ခံစားချက်နဲ့ ရလာတဲ့အခွင့်အရေးအပေါ် ဘယ်လိုမြင်သလဲဆိုတာ ကျွန်တော်နဲ့ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်လည်းသူ့လိုအခြေအနေမျိုးဖြတ်သန်းခဲ့ရတော့ သူဘယ်လိုခံစားရလဲ ကျွန်တော်နားလည်ပါတယ်။ ပွဲတွေကစားချင်တာကတော့ ကစားသမားတိုင်းရဲ့ဆန္ဒပါပဲ။ ဒါကြောင့် သူ့ရဲ့ရွေးချယ်မှုက မှန်ကန်တယ်လို့ ပြောရမှာပါ"

"သူ မာ‌ဆေးလ်မှာအဆင်ပြေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သူ့ရဲ့ အရည်အသွေးနဲ့ ပါရမီတွေကိုပြသနိုင်ဖို့ အခွင့်အရေးတွေရမယ်လို့လည်း မျှော်လင့်ပါတယ်။ ကစားသမားတစ်ယောက်က တိုးတက်ဖို့ဆိုရင် ပွဲတွေအများကြီးကစားရဖို့လိုပါတယ်။ အခုဆို မာဆေးလ်မှာ ပွဲတွေအများကြီးကစားရရင်သူ့အတွက် တာဝန်ယူမှုပိုရှိလာမှာဖြစ်သလို၊ ကစားသမားတစ်ယောက်အနေနဲ့ရော၊ လူသားတစ်ယောက်အနေနဲ့ပါ ရင့်ကျက်လာဖို့ အခွင့်အရေးလည်းဖြစ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။