ဘိုဒိုဂလင့်ကို ရှုံးနိမ့်မှုအတွက် တာဝန်ရှိတဲ့မန်စီးတီးကစားသမားနာမည်တွေကို ထုတ်ဖော်ပြောဆိုလာတဲ့ ဟာလန်း
မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်းဟာလန်းက ဗုဒ္ဓဟူးနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုဒိုဂလင့်ကို အံ့အားသင့်ဖွယ် ၃-၁ နဲ့ဂိုးပြတ်အရေးနိမ့်ပြီးနောက် ရှုံးပွဲအတွက် တာဝန်ရှိတဲ့ အသင်းဖော်တွေရဲ့အမည်ကို ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။
အသက်-၂၅ နှစ်အရွယ်ဟာလန်းအနေနဲ့ သူ့ရဲ့မိခင်နိုင်ငံ နော်ဝေမှာကစားခဲ့ရတဲ့ ဒီပွဲမှာ ခြေစွမ်းပြသနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ထင်သထားသလိုဖြစ်မလာခဲ့ဘဲ ရလဒ်မှာပြောင်းပြန်ဖြစ်ခဲ့ပါတယ်။ အိမ်ရှင် ဘိုဒိုဂလင့်အတွက်ဂိုးတွေကို ပွဲအစ ၂၂ နဲ့ ၂၄ မိနစ်တွေမှာ တိုက်စစ်မှူး ဟော့ဂ်က ၂ ဂိုးဆက်တိုက်သွင်းယူပေးခဲ့ပြီး ပွဲကစားချိန် ၅၈ မိနစ်မှာ ဟော်ဂီက နောက်ထပ် ၁ ဂိုးသွင်းခဲ့လို့ မန်စီးတီးတို့ ၃ ဂိုးပြတ်အရေးနိမ့်နေခဲ့ပါတယ်။
မန်စီးတီးအတွက် နှစ်သိမ့်ချေပဂိုး ၁ ဂိုးကိုတော့ ပွဲကစားချိန် ၆၀ မိနစ်မှာ ရာယန်ချာကီက ပြန်လည်သွင်းယူပေးခဲ့ပြီး မန်စီးတီးအနေနဲ့ နော်ဝေမြေမှာ ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ ပွဲကစားချိန် ၆၂ မိနစ်မှာ အသင်းရဲ့အဓိကကွင်းလယ်လူ ရိုဒရီတစ်ယောက် အနီကတ်ပြထုတ်ပယ်ခံလိုက်ရတာကြောင့်လည်း မန်စီးတီးတို့ ပြန်လာနိုင်ဖို့ မျှော်လင့်ချက်မဲ့ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ ဟာလန်းက "ဒီရှုံးပွဲအတွက် ကျွန်တော်ရယ်၊ ရိုဒရီ၊ ဒွန်နာရမ်မာနဲ့ ရိုင်ဒါစ်တို့လို အတွေ့အကြုံရင့်ကစားသမားတွေမှာ အပြည့်အဝတာဝန်ရှိပါတယ်။ ဘယ်သူ့ကိုမှ အပြစ်တင်လိုခြင်းမရှိပေမယ့် ကျွန်တော်တို့က အခြားအသင်းဖော်တွေထက်ပိုပြီးတော့ တာဝန်ယူဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ရလဒ်က ဆိုးဆိုးရွားရွားဖြစ်ခဲ့လို့ပါ။ ကျွန်တော်တို့က မန်စီးတီးပါ၊ နိုင်ပွဲမရဘဲ ဒီလိုပုံစံလုပ်လို့မရပါဘူး။ ဒါမျိုးက လက်မခံနိုင်စရာပါ"
"ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ကျွန်တော့်မှာ အပြည့်အဝတာဝန်ရှိပါတယ်။ မန်စီးတီးပရိသတ်တွေနဲ့ဒီအထိ လိုက်အားပေးခဲ့တဲ့ ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်။ ဒီရှုံးပွဲက တကယ်အရှက်ရစရာပါ။ ရိုးရိုးသားသားပြောရမယ်ဆိုရင် အခုချိန်မှာ ကျွန်တော် ဘာပြောရမှန်းတောင်မသိပါဘူး။ တောင်းပန်ပါတယ်လို့ပဲ ပြောနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုရှုံးပွဲကြောင့်မန်စီးတီးဟာ ချန်ပီယံလိဂ်နောက်တစ်ဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ဖို့ လိဂ်အဆင့်နောက်ဆုံးယှဉ်ပြိုင်သွားရမယ့် ဂါလာတာစာရေးနဲ့ပွဲစဉ်မှာ မဖြစ်မနေနိုင်ပွဲဖော်ဆောင်သွားရတော့မှာဖြစ်ပါတယ်။