ရီးရဲလ်မက်ဒရစ်ပရိသတ်တွေဆီ လှောင်ပြောင်မှုတွေရပ်တန့်ပေးဖို့ ပြင်းပြင်းထန်ထန်တောင်းဆိုခဲ့တဲ့ ဗင်နီးစီးယက်စ်
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ဗယ်လီကာနိုနဲ့ရင်ဆိုင်ရတဲ့လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ၂-၁ ဂိုးဖြင့် ခက်ခက်ခဲခဲအနိုင်ရရှိခဲ့ပေမယ့် တိုက်စစ်မှူးဗင်နီးစီးယက်စ်အတွက် ပရိသတ်တွေနဲ့အချေအတင်ဖြစ်ခဲ့တဲ့ အခိုက်အတန့်တစ်ခု ရှိခဲ့ပါတယ်။
ဒီပွဲစဉ်မစတင်ခင် လူစာရင်းကြေညာချိန်မှာပဲ ဗင်နီးစီးယက်စ်ပါဝင်လာလို့ အိမ်ကွင်းပရိသတ်အချို့ လှောင်ပြောင်ခဲ့ကြသလို ပွဲကစားနေချိန် ကစားသမားရဲ့ပထမဆုံးဘောလုံးထိချက်မှာလည်း လှောင်ပြောင်သံတွေ ဆက်လက်ထွက်ပေါ်ခဲ့ပါတယ်။
အခုလိုလုပ်ရပ်အပေါ် စိတ်မရှည်ဖြစ်လာတဲ့ ဗင်နီးစီးယက်စ်က ပွဲချိန်အတွင်းမှာတင် လှောင်ပြောင်မှုတွေကို ရပ်တန့်ပေးဖို့ ပရိသတ်တွေဆီ ပြင်းပြင်းထန်ထန်တောင်းဆိုခဲ့ပါတယ်။
Movistar Plus+ Deportes ရုပ်သံလိုင်းမှ ဖော်ပြခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေအရ ဗင်နီးစီးယက်စ်က ပွဲစင်ကြည့်ဆီမျက်နှာမူရင်း " ဆက်သွားကြစို့လေ။ ဒါတော့ အတော်များနေပါပြီ။ ကျွန်တော်တို့ ယှဉ်ပြိုင်ကစားနေကြပါတယ်"လို့ အော်ဟစ်တောင်းဆိုခဲ့ကြောင်း တွေ့ရှိရပါတယ်။
ဒါပေမဲ့ ပွဲချိန် ၁၅ မိနစ်မှာ ဗင်နီးစီးယက်စ်က အသင်းအတွက် အဖွင့်ဂိုးကို လှလှပပသွင်းယူခဲ့ပြီးနောက် ပရိသတ်တွေနဲ့ ကစားသမားအကြား တင်းမာမှု ပြန်လည်လျော့ကျသွားခဲ့ပါတယ်။
ဗင်နီးစီးယက်စ်ကိုယ်တိုင်လည်း အသင်းအမှတ်တံဆိပ်ကိုနမ်းရှုံ့ရင်း ပရိသတ်တွေနဲ့အတူ သွင်းဂိုးအတွက် အောင်ပွဲခံခဲ့ပါတယ်။