
ရော်နယ်ဒိုရဲ့ တစ်ကိုယ်တော်အောင်မြင်လိုစိတ်က အရမ်းထူးခြားတယ်လို့ ချီးကျူးပြောဆိုလိုက်တဲ့ ရွန်းနီ
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ဟောင်း ဝိန်းရွန်းနီက ယူနိုက်တက်အသင်းဖော်ဟောင်း ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ တစ်ကိုယ်တော်အောင်မြင်လိုစိတ်က သူ့အတွက်တော့ အလွန်ထူးခြားပြီး ရော်နယ်ဒိုလိုစိတ်ဓာတ်ပြင်းထန်တဲ့ကစားသမားမျိုး မမြင်ဖူးခဲ့ကြောင်း ချီးကျူးပြောဆိုလာခဲ့ပါတယ်။
ရော်နယ်ဒိုနဲ့ ရွန်းနီတို့ဟာ ယူနိုက်တက်သမိုင်းတစ်လျှောက် အန္တရာယ်အရှိဆုံးနဲ့ အကောင်းဆုံးသော တိုက်စစ်အတွဲအဖက်ဖြစ်ခဲ့ဖူးပြီး ကစားသမား ၂ ဦးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဖလားတွေနဲ့ ချန်ပီယံလိဂ်ဆုဖလားကိုလည်း အတူတူကိုင်မြှောက်ခဲ့ကြသူတွေဖြစ်ပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာတော့ ကစားသမား ၂ ဦးအကြားက ဦးစားပေးတဲ့အရာတွေ မတူညီတော့တာကြောင့် ကွဲကွာခဲ့ကြပြီး ရွန်းနီက ယူနိုက်တက်ဂန္ထဝင်ကစားသမားဖြစ်ခဲ့သလို၊ ရော်နယ်ဒိုကလည်း ဘောလွန်းဒီအော်ဆု ၅ ကြိမ်နဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားစာရင်းဝင်ဖြစ်လာခဲ့ပါတယ်။
ရွန်းနီရဲ့ပြောကြားချက်အရ သူဟာ ရော်နယ်ဒိုရဲ့ တစ်ကိုယ်တော်ထိုးဖောက်အောင်မြင်လိုစိတ်ကိုမြင်တွေ့ခဲ့ရကြောင်းနဲ့ သူကိုယ်တိုင်ကတော့ အသင်းနဲ့အတူအောင်မြင်မှုရရှိဖို့သာ ပိုမိုအာရုံစိုက်ခဲ့တယ်လို့ဆိုပါတယ်။ ရွန်းနီအနေနဲ့ ရော်နယ်ဒိုရဲ့ တစ်ကိုယ်ကောင်းစိတ်ဓာတ်ကို ဝေဖန်ခဲ့တာမျိုးမဟုတ်ဘဲ ရော်နယ်ဒိုရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုကို ချီးကျူးခဲ့တာဖြစ်ပြီး ပေါ်တူဂီသားဟာ လက်ရှိအချိန်မှာ သူ့ရဲ့မဆုတ်မနစ်ကြိုးစားအားထုတ်မှုတွေကြောင့် ကမ္ဘာ့ဘောလုံးသမိုင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်ထားနိုင်ပြီဖြစ်ပါတယ်။
အသင်းဖော်ဟောင်း ရီယိုဖာဒီနန်နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရွန်းနီက သူဟာ ရော်နယ်ဒိုရဲ့ကစားဟန်နဲ့လိုက်လျောညီထွေဖြစ်ဖို့ သူ့ရဲ့ကိုယ်ပိုင်ကစားဟန်ကို မကြာခဏပြင်ဆင်ခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ်။ ရွန်းနီအနေနဲ့ သူအခုလို ရော်နယ်ဒိုပိုကောင်းလာဖို့ အနစ်နာခံပေးခဲ့ခြင်းမှာ အသင်းအောင်မြင်မှုရရှိဖို့အတွက်သာ ရည်ရွယ်ခဲ့တာဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်ဟောင်းက "ကျွန်တော် ရော်နယ်ဒိုရဲ့ကစားပုံနဲ့ လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားခဲ့ပေမယ့် အနစ်နာခံနေရတယ်လို့ တစ်ခါမှမတွေးခဲ့ဖူးပါဘူး။ ကျွန်တော့်ရဲ့ရည်ရွယ်ချက်က ယူနိုက်တက်အောင်မြင်မှုရဖို့ပါပဲ။ ကျွန်တော် အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားရချင်ခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ သူ့ရဲ့ဦးနှောက်ထဲမှာ ဘာတွေတွေးနေခဲ့လဲ ဘယ်သူမှမသိပါဘူး။ ဒါပေမယ့် သူ့မှာ ဘောလုံးသမိုင်းတစ်လျှောက် ကျွန်တော်မြင်ဖူးသမျှကစားသမားတွေထက် ကျော်လွန်နေတဲ့စိတ်ဓာတ်ကို ပိုင်ဆိုင်ထားပါတယ်"
"ကျွန်တော့်စိတ်ဓာတ်နဲ့ ခံယူချက်ကတော့ သူ့လောက်မမြင့်ပါဘူး။ ဒါပေမယ့် အနိုင်ရလိုစိတ်ကတော့ သူနဲ့အတူတူပါပဲ။ ကျွန်တော် ဘောလွန်းဒီအော်အပါအဝင် တစ်ဦးချင်းဆုတံဆိပ်တွေကို စိတ်မဝင်စားခဲ့ပါဘူး။ ကျွန်တော့်အတွက် အဲဒီဆုတွေက ဘာမှမဟုတ်ပါဘူး။ အသင်းဖော်တွေနဲ့အတူ အနိုင်ရဖို့ပဲ ခေါင်းထဲမှာရှိခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ အသင်းဖော်တွေနဲ့ရော၊ သူကိုယ်တိုင်ပါ အောင်မြင်မှုရရမယ်ဆိုတဲ့စိတ်ဓာတ်မျိုးရှိခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ် အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာပြီးနောက် ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာတော့ ရော်နယ်ဒိုက ရွန်းနီဟာ သူနဲ့ရင်းနှီးတဲ့မိတ်ဆွေမဟုတ်ကြောင်း ရက်ရက်စက်စက်ပြောကြားခဲ့ပါတယ်။ ပီးယာ့စ်မော်ဂန်နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ဂယ်ရီနဗီးလ်တို့ ရွန်းနီတို့က သူ့အတွက်မိတ်ဆွေတွေဖြစ်နေဆဲလားလို့မေးမြန်းခဲ့ရာ ရော်နယ်ဒိုက "သူတို့က ကျွန်တော့်မိတ်ဆွေတွေမဟုတ်ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေပါ။ ကျွန်တော်တို့ အတူတူကစားခဲ့ကြပေမယ့် ညစာတောင် အတူတူမစားဖူးပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ရွန်းနီနဲ့ ရော်နယ်ဒိုတို့အကြား အက်ကွဲကြောင်းဟာ ၂၀၀၆ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကနေ စတင်ခဲ့တယ်လို့ဆိုရပါမယ်။ အင်္ဂလန်နဲ့ပေါ်တူဂီတို့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ အဆိုပါကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ရွန်းနီဟာ ရော်နယ်ဒိုရဲ့ ကြားဝင်နှောင့်ယှက်မှုနဲ့အတူ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။
ရွန်းနီ ကွင်းထဲမှထွက်သွားပြီးနောက်မှာ ရော်နယ်ဒိုရဲ့ မျက်စိတစ်ဖက်မှိတ်ပြခဲ့တဲ့ အမူအရာဟာ အခုချိန်အထိ အဆိုပါပြိုင်ပွဲရဲ့ အမှတ်တရအဖြစ် ကျန်ရှိနေဆဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ရွန်းနီဟာ နည်းပြတစ်ယောက်အဖြစ်ရပ်တည်နေပြီး ဒါဘီ၊ ဒီစီယူနိုက်တက်၊ ဘာမင်ဂမ်နဲ့ ပလိုင်းမောက်တို့ကို ကိုင်တွယ်ခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ဆော်ဒီကလပ် အယ်လ်နာဆာမှာ ကစားသမားဘဝကို ဖြတ်သန်းရင်း သွင်းဂိုး ၁ ထောင်ပြည့်မြောက်ဖို့အတွက် ကွင်းထဲမှာ ဂိုးတွေ ဆက်လက်သွင်းယူနေဆဲဖြစ်ပါတယ်။