ကမ္ဘာ့ဖလားအပြီးမှာလည်း ရော်နယ်ဒိုတစ်ယောက် ဆက်ကစားနိုင်မယ်လို့ယုံကြည်ကြောင်း ပြောကြားလာတဲ့ မာတီနက်ဇ်
ပေါ်တူဂီနည်းပြ ရော်ဘတ်တို မာတီနက်ဇ်က ခရစ်စတီယာနို ရော်နယ်ဒိုဟာ သူ့ရဲ့ စိတ်က နားဖို့ မပြောမချင်း ဘောလုံးဆက်ကစားနေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အယ်လ်နာဆာ တိုက်စစ်မှူးဟာ ဒီနှစ်မှာ အသက် ၄၁ နှစ် ပြည့်တော့မှာ ဖြစ်ပေမဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးတဲ့အထိ ဆက်ကစားသွားဖို့ ရှိနေပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ဟောင်း ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး မာတီနက်ဇ်က Guardian ကို အခုလို ပြောကြားခဲ့ပါတယ်။ "ကစားသမားတစ်ယောက် အနားယူဖို့ ဆုံးဖြတ်တာဟာ ခန္ဓာကိုယ်ကြောင့်လို့ ကျွန်တော် အမြဲ ယုံကြည်ခဲ့ပေမဲ့ တကယ်တမ်းတော့ စိတ်ကပဲ ဆုံးဖြတ်တာပါ။ ခရစ်စတီယာနိုကတော့ အသက် ၄၀ ဒါမှမဟုတ် ၄၁ နှစ် ရှိနေပြီ ဖြစ်ပေမဲ့ အနားယူဖို့ ဆုံးဖြတ်ချက် မချရသေးပါဘူး။ အခုလို အဆင့်မျိုးမှာတော့ ဒါဟာ ပါရမီထက် စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ အခက်အခဲတွေကို ဘယ်လောက်အထိ ကြံ့ကြံ့ခံနိုင်မလဲ ဆိုတာအပေါ်မှာပဲ မူတည်ပါတယ်" လို့ ဆိုပါတယ်။
လူအများစုဟာ ရော်နယ်ဒိုရဲ့ အရင်က ကစားသမားဘဝ အချိန်ကာလတွေအပေါ် မူတည်ပြီး ဝေဖန်တတ်ကြတဲ့ အမှားမျိုး လုပ်တတ်ကြတယ်လို့လည်း သူက အလေးအနက် ပြောကြားခဲ့ပါတယ်။ "အကြီးမားဆုံး အမှားကတော့ သူ့ရဲ့ လက်ရှိ ကစားပုံအပေါ် မူတည်ပြီး မဆုံးဖြတ်တာပါပဲ။ ဥရောပချန်ပီယံရှစ် ပြိုင်ပွဲအပြီးမှာ ရော်နယ်ဒို ပါဝင်ကစားခဲ့လို့ ပေါ်တူဂီ အသင်း မနိုင်ခဲ့တာလို့ ပြောကြပါတယ်။ ဒါပေမဲ့ နေရှင်နယ်လိဂ်မှာ ကျွန်တော်တို့ နိုင်တဲ့အခါကျတော့ ရော်နယ်ဒို အနားယူသွားရင် ပေါ်တူဂီအသင်း ဘာဆက်လုပ်မလဲဆိုတာကို ပြောင်းပြီး ဆွေးနွေးကြပြန်ရော" လို့ ပြောပါတယ်။
အချိန်ကြာလာတာနဲ့အမျှ ရော်နယ်ဒိုရဲ့ အခန်းကဏ္ဍက ပြောင်းလဲသွားပြီ ဖြစ်ပေမဲ့ သူဟာ အသင်းအတွက် အရေးပါနေဆဲ ဖြစ်တယ်လို့ မာတီနက်ဇ်က ယုံကြည်နေပါတယ်။ "သူက မန်ယူ ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်မှာလို တောင်ပံကစားသမား မဟုတ်တော့ဘဲ ဂိုးဧရိယာထဲက တိုက်စစ်မှူးစစ်စစ် (Pure nine) တစ်ယောက် ဖြစ်နေပါပြီ။ နေရာလွတ်တွေ ဖန်တီးဖို့နဲ့ ဂိုးတွေ သွင်းယူနိုင်ဖို့အတွက် ကျွန်တော်တို့ သူ့အပေါ်မှာ မှီခိုနေရပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း သူ နိုင်ငံ့လက်ရွေးစင် အသင်းမှာ လုပ်ပြခဲ့တာတွေဟာ နေ့တိုင်း ကြိုးစားအားထုတ်မှုကြောင့် ရရှိလာတာပါ" လို့ ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ လက်ရွေးစင်အသင်းအပေါ် ထားရှိတဲ့ ရော်နယ်ဒိုရဲ့ စိတ်ထားကိုလည်း သူက ချီးကျူးခဲ့ပါတယ်။ "သူ့ကို စတွေ့တုန်းက သူ ဘယ်လို စဉ်းစားသလဲဆိုတာကို ကျွန်တော် သိချင်ခဲ့ပါတယ်။ အသက် ၃၀ ကျော် ကစားသမားတွေဟာ တစ်ခါတလေမှာ နိုင်ငံတကာ ပွဲစဉ်တွေ ကစားရမယ့် အချိန်ကို အနားယူဖို့ အခွင့်အရေးလို့ မြင်တတ်ကြပါတယ်။ ဒါပေမဲ့ ရော်နယ်ဒိုရဲ့ စိတ်ဓာတ်ကတော့ 'ကျွန်တော် နိုင်ငံအသင်းအတွက် ဒီမှာ ရှိနေပါတယ်၊ နည်းပြ ဘာလိုအပ်သလဲ ပြောပါ' ဆိုတဲ့အတိုင်း အမြဲတမ်း တူညီနေပါတယ်" လို့ မာတီနက်ဇ်က ပြောကြားသွားခဲ့ပါတယ်။