မန်ချက်စတာယူနိုက်တက်ကို အထူးနှစ်သက်မိတယ်လို့ ဝန်ခံလိုက်တဲ့ ရီးရဲလ်မက်ဒရစ်လူငယ်ကြယ်ပွင့်အန်းဒရစ်ခ်
ရီးရဲလ်မက်ဒရစ်အသင်းအနာဂတ်ကြယ်ပွင့်အန်းဒရစ်ခ်က ပရီးမီးယားလိဂ်ထိပ်သီးမန်ချက်စတာယူနိုက်တက်ကို အထူးနှစ်သက်မိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
အသက် ၁၉ နှစ်အရွယ်ကစားသမားလေးက စပိန်မြေမှာ ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရလို့ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း လိုင်ယွန်အသင်းဆီ အငှားဖြင့် သွားရောက်ကစားနေပါတယ်။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်အသင်းကတော့ အန်းဒရစ်ခ်အပေါ် ယုံကြည်မှုအပြည့်အဝရှိနေပြီး လာမယ့်ရာသီမှာ အသင်းရဲ့လူစာရင်းဆီ ပြန်လည်ထည့်သွင်းသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒီကြားထဲမှာပဲ လူငယ်တိုက်စစ်မှူးက ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အောင်မြင်မှုတွေကြောင့် မန်ချက်စတာယူနိုက်တက်အသင်းကို "အထူးနှစ်သက်မှု" ရှိနေတယ်လို့ ပြောလာခဲ့ပါတယ်။ FourFourTwo နဲ့ အင်တာဗျူးမှာ အန်းဒရစ်ခ်က "ကျွန်တော်က စီရော်နယ်ဒိုရဲ့ကစားသမားဘဝကို မန်ယူ၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်မှ အခုအယ်လ်နာဆာအထိ စောင့်ကြည့်အားပေးခဲ့ပါတယ်။ သူ ဘယ်နေရာမှာပဲရှိနေပါစေ၊ ကျွန်တော်ကတော့ အမြဲတမ်း အားပေးနေပါတယ်" လို့ ဆိုပါတယ်။
"မန်ချက်စတာယူနိုက်တက်မှာ ခရစ္စတီယာနိုရော်နယ်ဒို ကစားခဲ့တာလေ။ ကျွန်တော်က သူ အဲဒီမှာ ကစားနေတာကို ကြည့်ပြီး ကြီးပြင်းလာခဲ့တာပါ။ ဒါကြောင့်လည်း မန်ယူအသင်းအပေါ်မှာ အထူးနှစ်သက်မြတ်နိုးမိနေတာပါ" လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။