The network connection is lost.

Banner Image

ယူနိုက်တက်မှာဆက်ရှိနေဖို့ မသေချာသေးကြောင်း ဖွင့်ဟလာတဲ့ ကာရစ်

မိုက်ကယ်ကာရစ်က မန်ချက်စတာယူနိုက်တက်အသင်းကို နည်းပြရတာကို နှစ်သက်ပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ နီးစပ်နေတဲ့အချိန်မှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ အဖြေတစ်ခုရဖို့အတွက် အသည်းအသန် လိုက်လံတောင်းဆိုနေတာမျိုးတော့ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ရူဘင်အာမိုရင် တစ်ဦးနဲ့တစ်ဦး အဆင်မပြေဘဲ အသင်းကနေ ထွက်ခွာသွားပြီးနောက်မှာ ယူနိုက်တက်ရဲ့ ကွင်းလယ်လူဟောင်းဖြစ်သူကို ရာသီကုန်အထိ နည်းပြချုပ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ကာရစ်ဟာ မန်စီးတီးနဲ့ အာဆင်နယ်တို့လို အသင်းကြီးတွေကို အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ် အဆင့် (၃) နေရာအထိ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့အနာဂတ်ကတော့ ခုထက်ထိ တိတိကျကျ မသိရသေးပါဘူး။

လာမယ့် တနင်္လာနေ့မှာကစားမယ့် ဘရန့်ဖို့ဒ်နဲ့ အိမ်ကွင်းပွဲစဉ်မတိုင်ခင် ကြာသပတေးနေ့က ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ "ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ဖူးသလိုပါပဲ၊ ဒီမှာရှိနေရတာကို ပျော်တယ်၊ အခုရထားတဲ့ တာဝန်အပေါ်မှာလည်း ကျေနပ်မိပါတယ်" လို့ ကာရစ်က ဆိုပါတယ်။

"ရလဒ်ကောင်းတချို့ ရထားသလို အခြေအနေလည်း ကောင်းနေပါတယ်။ ရာသီကုန်ဖို့လည်း အများကြီး လိုပါသေးတယ်၊ ကျွန်တော်တို့ ဆက်ပြီး တိုးတက်ချင်သေးတယ်၊ ရောက်ချင်တဲ့ အဆင့်အတန်းတွေလည်း ရှိပါသေးတယ်။ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ"

"အပတ်တိုင်း ဒီစကားတွေကိုပဲ ထပ်ခါတလဲလဲ ပြောနေရသလို ဖြစ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြောနိုင်တာကလည်း ဒီလောက်ပါပဲ၊ ဒါပေမဲ့ ဒါကိုပဲ ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ"

"တစ်ခါပြန်ပြောရရင် ဒီမှာရှိနေရတာကို ပျော်ပါတယ်၊ တကယ်ကို မြတ်နိုးပါတယ်။ အခုလို ရာထူးနေရာမှာ ရှိနေရတာက တကယ့်ကို ဂုဏ်ယူစရာတစ်ခုဖြစ်သလို ရလာတဲ့ တာဝန်ဝတ္တရားတွေအောက်မှာလည်း ပျော်ရွှင်စွာနဲ့ အကောင်းဆုံး လုပ်ဆောင်နေပါတယ်"

အသက် ၄၄ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဘယ်အချိန်မှာ တိကျတဲ့အဖြေရမလဲဆိုတာ မသေချာသေးဘူးလို့ ပြောပါတယ်။

"တကယ်တော့ ဒါဟာ သတ်မှတ်ရက်တစ်ခုအတွင်း အဖြေရဖို့ ကျွန်တော် ဇွတ်အတင်း လိုက်နေတာမျိုး မဟုတ်ပါဘူး။ အချိန်တန်ရင်တော့ သူ့အလိုလို ရှင်းလင်းသွားလိမ့်မယ်လို့ ထင်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။