ဒီရာသီမှာ ယူနိုက်တက်က အဆင့် ၃ နဲ့ ရာသီသိမ်းမယ်လို့ နဗီးလ် ခန့်မှန်း
ယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ဒီရာသီမှာ သူ့ရဲ့ကလပ်ဟောင်း ဘယ်အဆင့်မှာ ရပ်တည်နိုင်မလဲဆိုတာကို ခန့်မှန်းပြောကြားလိုက်ပါတယ်။
ယာယီနည်းပြ ကာရစ် လက်ထက်မှာ ၂၁ မှတ်မှာ ၁၉ မှတ်အထိ ရယူနိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ တနင်္ဂနွေနေ့က အိုးထရက်ဖို့ဒ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဂိုးကွာခြားချက်အသာနဲ့ အဆင့် ၃ နေရာကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်အဆိုင်က ပြင်းထန်လာနေပြီး ဇယားရပ်တည်မှုအရ ယူနိုက်တက်နဲ့ အက်စတွန်ဗီလာတို့က ၅၁ မှတ်စီနဲ့ တူညီနေကာ လီဗာပူးက ၃ မှတ်၊ ချဲလ်ဆီးက ၆ မှတ် အသီးသီး လျော့နည်းပြီး နောက်ကနေ လိုက်နေပါတယ်။
The Gary Neville Podcast မှာ ပြောကြားခဲ့ရာမှာတော့ နဗီးလ်က သူ့ရဲ့အသင်းဟောင်းဟာ အဆင့် ၃ နဲ့ ရာသီသိမ်းလိမ့်မယ်လို့ ခန့်မှန်းခဲ့တာဖြစ်ပြီး ဒီလိုပြောရတဲ့အပေါ် သူ့ကိုယ်သူတောင် မယုံနိုင်လောက်အောင် ဖြစ်နေတာပါ။
"ယူနိုက်တက်က အဆင့် ၃ မှာ သေချာပေါက် ရပ်တည်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ လွန်ခဲ့တဲ့ ၆ ပတ်က သူတို့ရဲ့ အခြေအနေနဲ့စာရင် အခုလိုပြောရမယ်လို့ ကျွန်တော်တောင် မယုံနိုင်ပါဘူး။ ဒါပေမဲ့ အခုတော့ သူတို့မှာ အာရုံနောက်စရာတွေ မရှိတော့ဘူး၊ အရာအားလုံးက ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီး အရှိန်အဟုန်လည်း ရနေပါပြီ။"
"လီဗာပူးက အဆင့် ၄ နဲ့ ချဲလ်ဆီးက အဆင့် ၅ ရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဗီလာကိုလည်း ထိပ်ဆုံး ၅ သင်းထဲမှာ ပါစေချင်ပါတယ်။ သူတို့ရဲ့ နည်းပြက အတွေ့အကြုံရှိပြီး တော်တဲ့သူတစ်ယောက်လို့ ကျွန်တော် အရင်ကတည်းက ပြောခဲ့ဖူးပါတယ်။"
"တကယ်လို့ သူတို့ရဲ့ ကစားသမားတွေ ပြန်ကောင်းလာရင်ပေါ့လေ။ ပြီးခဲ့တဲ့ အပတ်တွေမှာ ကွင်းလယ်လူတွေ ဒဏ်ရာရခဲ့တာက သူတို့အတွက် နစ်နာခဲ့ပါတယ်။ ကျွန်တော်ကတော့ ယူနိုက်တက်၊ လီဗာပူးနဲ့ ချဲလ်ဆီးတို့ပဲ (ထိပ်ဆုံးမှာ) ရှိနေမယ်လို့ ထင်ပါတယ်။ အဆင့် ၅ အတွက်ပဲ ချဲလ်ဆီးလား၊ ဗီလာလားဆိုတာ သံသယဖြစ်စရာ ရှိတာပါ။ ဒဏ်ရာပြဿနာတွေနဲ့ တခြားပြိုင်ပွဲတွေကလည်း အဓိက အချက်တွေ ဖြစ်လာပါလိမ့်မယ်။ လက်ရှိမှာတော့ ဗီလာက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်စရာ အနေအထားမှာ ရှိနေပါတယ်" လို့ ၎င်းက ဆိုပါတယ်။
ယူနိုက်တက်ဟာ ဗုဒ္ဓဟူးနေ့ညမှာ နယူးကာဆယ်နဲ့ အဝေးကွင်းပွဲစဉ်၊ တနင်္ဂနွေနေ့ နေ့လယ်မှာ အက်စတွန်ဗီလာနဲ့ ပွဲစဉ်တွေ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရှားရှားပါးပါး တစ်ပတ်အတွင်း နှစ်ပွဲကစားရမယ့် အချိန်မှာ နည်းပြ ကာရစ် လက်ထက်က သူတို့ရဲ့ အံ့အားသင့်စရာကောင်းတဲ့ ရလဒ်ကောင်းတွေကို ဆက်လက် ထိန်းသိမ်းသွားဖို့ မျှော်လင့်နေပါတယ်။