တန်းဆင်းသွားရပြီးနောက် နည်းပြ စကော့ပါကားရဲ့အနာဂတ်ကို လာမယ့်ရက်ပိုင်းအတွင်း ဆုံးဖြတ်သွားမယ့် ဘန်လေ
စကော့ပါကားဟာ ဘန်လေအသင်းရဲ့ နည်းပြအဖြစ် ဆက်လက်ရှိနေမလားဆိုတာကို "လာမယ့်ရက်ပိုင်းအတွင်း" သိရှိရတော့မယ်လို့ သတင်းတွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (ဧပြီလ ၂၂ ရက်) က မန်စီးတီးအသင်းကို ၁ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဘန်လေအသင်းဟာ ဒီရာသီ ပရီမီယံလိဂ်ကနေ ဒုတိယမြောက် တန်းဆင်းသွားရတဲ့ အသင်းဖြစ်လာခဲ့ပါတယ်။ Sky Sports ရဲ့ ဖော်ပြချက်အရ အသက် ၄၅ နှစ်အရွယ် စကော့ပါကားဟာ လာမယ့်ရာသီမှာ အသင်းကို ပရီမီယံလိဂ်ဆီ ပြန်လည်ပို့ဆောင်ပေးနိုင်ဖို့အတွက် အသင်းဘက်က ဆက်လက်ယုံကြည်မှု ပေးမလား၊ မပေးဘူးလားဆိုတာကို မကြာခင်မှာ သိရတော့မှာပါ။
ဒီရာသီမှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရတာဟာ စကော့ပါကားအတွက် နည်းပြဘဝမှာ တတိယအကြိမ်မြောက် တန်းဆင်းရတာဖြစ်ပြီး ဖူလ်ဟမ်အသင်းနဲ့ နှစ်ကြိမ်၊ ဘန်လေအသင်းနဲ့ တစ်ကြိမ်စီ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ မန်စီးတီးနဲ့ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ စကော့ပါကားက "အသင်းကတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ပြန်လာခဲ့ရတာတွေ ရှိပါတယ်။ သင်ယူစရာတွေ အများကြီးရှိနေပြီး ကျွန်တော်တို့လည်း ဒါကိုပဲ လုပ်ဆောင်သွားမှာပါ။ ဘယ်နေရာတွေမှာ လိုအပ်ချက်ရှိနေလဲဆိုတာကို ပြန်သုံးသပ်သွားပါမယ်။ ဘယ်မှာ မှားခဲ့လဲဆိုတာကို ရှာဖွေပြီး နောက်နှစ်မှာ ပိုမိုကြံ့ခိုင်တဲ့ပုံစံနဲ့ ပြန်လာနိုင်အောင် ကြိုးစားရပါလိမ့်မယ်။ ကျွန်တော့်အပါအဝင် လူတိုင်းအတွက်တော့ ဒီရာသီက တကယ်ကို ပင်ပန်းခက်ခဲတဲ့ ရာသီတစ်ခုဖြစ်ခဲ့ပါတယ်။ ကျွန်တော်နဲ့ အသင်းဘုတ်အဖွဲ့ဝင်တွေ အတူတူထိုင်ပြီး ပြန်လည်သုံးသပ်သွားမှာဖြစ်သလို ရှေ့ဆက် ဘယ်လိုသွားကြမလဲဆိုတာကို ဆွေးနွေးပြီး အဲဒီကနေတစ်ဆင့် ဆက်လက်လုပ်ဆောင်သွားမှာပါ" လို့ ပြောကြားခဲ့ပါတယ်။