ချဲလ်ဆီးကနေ အယ်လ်နာဆာကို ပြောင်းရွှေ့ခဲ့ရတဲ့အပေါ် ကျေနပ်ပျော်ရွှင်နေတဲ့ ဖဲလစ်
ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဂျာအိုဖဲလစ်က သူ အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့ခဲ့တာနဲ့ ပတ်သက်ပြီး ပျော်ရွှင်နေတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဆော်ဒီပရိုလိဂ်ကလပ်ကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။
ဖဲလစ်က "ချယ်လ်ဆီးဟာ ထိပ်တန်းအဆင့်ရှိတဲ့ အသင်းတစ်သင်းဖြစ်ပြီး အဲဒီမှာတုန်းကလည်း ကျွန်တော် နေရတာ အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ ပွဲတွေ ပုံမှန်ကစားချင်တာကြောင့် ကျွန်တော် ထွက်ခွာခဲ့တာပါ၊ လုပ်သင့်လုပ်ထိုက်တာကိုပဲ ကျွန်တော် လုပ်ခဲ့ပါတယ်။ အခုတော့ အယ်လ်နာဆာမှာ ပျော်နေသလို ကျွန်တော်တို့အသင်းကလည်း အရမ်းကို ကောင်းမွန်တဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေပါတယ်။ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ ပထမနေရာမှာ ရှိနေပြီး ချန်ပီယံဆုရဖို့လည်း နီးစပ်နေပါပြီ" လို့ ပြန်ပြောင်းပြောပြခဲ့ပါတယ်။
"ကျွန်တော် အခု ပျော်နေသလို ဘောလုံးကစားရတာကိုလည်း သဘောကျနေပါတယ်၊ ဒီအတိုင်းပဲ ဆက်သွားနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ (ပေါ်တူဂီ) လက်ရွေးစင်အသင်းထဲက ကျွန်တော့်နေရာ ပျောက်သွားမှာကို စိုးရိမ်ခဲ့လားဆိုရင်တော့... ဟုတ်ပါတယ်၊ အဲဒီလို စိုးရိမ်စိတ်ရှိခဲ့တာပေါ့။ လက်ရွေးစင်အသင်းမှာ အရွေးခံရဖို့ ပိုနီးစပ်စေတာကြောင့် ကျွန်တော်တို့တွေက ကိုယ့်ကလပ်အသင်းမှာ ပုံမှန်ပွဲထွက်ကစားချင်ကြတာပါ" လို့ ၎င်းက ဆိုပါတယ်။