ရိုဆင်နီယာထုတ်ပယ်ခံရမှုနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြောပြလာတဲ့ နဗီးလ်
မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမားကြီး ဂယ်ရီနဗီးလ်က ချဲလ်ဆီးအသင်းကနေ လီယမ်ရိုဆင်နီယာကို ထုတ်ပယ်လိုက်တဲ့အပေါ် သူ့ရဲ့အမြင်ကို ပြောကြားလာပါတယ်။
ပြင်သစ်ကလပ် စထရာဘိုးဂ်ကနေ ရောက်ရှိလာခဲ့တဲ့ ရိုဆင်နီယာဟာ ချယ်လ်ဆီးနဲ့ ငါးနှစ်ခွဲသက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပေမဲ့ ပြိုင်ပွဲအရပ်ရပ် ၂၃ ပွဲမှာ ၁၁ ပွဲသာ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဘရိုက်တန်ကို ၃ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ဟာ အင်္ဂလန်သားနည်းပြအတွက် နောက်ဆုံးအတားအဆီး ဖြစ်ခဲ့ရပြီး ချယ်လ်ဆီးဘုတ်အဖွဲ့ရဲ့ ရက်ရက်စက်စက် ထုတ်ပယ်ခြင်းကို ခံလိုက်ရတဲ့ နောက်ဆုံးပေါ်နည်းပြတစ်ဦး ဖြစ်လာခဲ့ပါတယ်။
Sky Sports နဲ့ အင်တာဗျူးမှာတော့ နဗီးလ်က ရိုဆင်နီယာကို အခုလိုမျိုး စောစောစီးစီး ထုတ်ပယ်လိုက်တာကို မြင်တွေ့ရလို့ အံ့အားသင့်မိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ အထူးသဖြင့် ဘုတ်အဖွဲ့က သူ့ကို တစ်နှစ်အထိ အချိန်ပေးပြီး ထောက်ခံပေးသွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာကြောင့် အခုလို အမြန်ဆုံး ထုတ်ပယ်လိုက်တာက သူ့ကို အံ့သြသွားစေတာ ဖြစ်ပါတယ်။
"လီယမ် အသင်းကနေ ထွက်ခွာသွားရတာကို ကျွန်တော် မအံ့သြပါဘူး၊ ဒါပေမဲ့ ဒီနေ့မှာတင် ထုတ်ပယ်ခံလိုက်ရတာကိုတော့ အံ့သြမိတယ်။ ရာသီကုန်မှ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့တာပါ။ သူ့ကို ခြောက်နှစ်စာချုပ် ချုပ်ပေးခဲ့တာကြောင့် ရာသီကုန်အထိတော့ သည်းခံပြီး အခွင့်အရေးပေးလိမ့်မယ်လို့ ယူဆခဲ့တာ။ ဒါက လီယမ်ရဲ့ အရည်အချင်းနဲ့ ပတ်သက်တာ လုံးဝမဟုတ်ပါဘူး။ သူဟာ ပြီးခဲ့တဲ့ အပတ်တွေအတွင်း ပွဲစဉ်တော်တော်များများမှာ ရှုံးနိမ့်ခဲ့တာကြောင့် သူကိုယ်တိုင်လည်း စိတ်ပျက်နေမှာပါ" လို့ နဗီးလ်က ဆိုပါတယ်။
ဒါ့အပြင် ၎င်းက "ဒါပေမဲ့ အသင်းပိုင်ရှင်တွေ၊ အားကစားဒါရိုက်တာတွေနဲ့ ကစားသမားတွေအနေနဲ့ ပြီးခဲ့တဲ့ အပတ်တွေအတွင်း ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေမှာ သူတို့ရဲ့ တာဝန်ယူမှုအပိုင်းကို အလေးအနက် ပြန်လည်သုံးသပ်ဖို့ အချိန်တန်ပါပြီ။ ပရိသတ်တွေကတော့ အသင်းရဲ့ အခုလိုအခြေအနေတွေအပေါ် တကယ်ကို စိတ်ပျက်မိကြမှာပါ။ အသင်းပိုင်ရှင်တွေဘက်က အကြီးအကျယ် မှားယွင်းခဲ့တာပါ" လို့ ဝေဖန်ခဲ့ပါတယ်။
"ကျွန်တော် အရင်ကလည်း ပြောခဲ့ဖူးပါတယ်၊ သူတို့ဆီမှာ အရည်အချင်းရှိတဲ့ ကစားသမားစုစုစည်းစည်း ရှိတယ်၊ ဥရောပအဆင့် အတွေ့အကြုံပိုင်းမှာတော့ ငယ်ရွယ်သေးတဲ့ အားကစားဒါရိုက်တာတွေ ရှိတယ်၊ အသင်းပိုင်ရှင်တွေဆိုရင်လည်း နှစ်နှစ်၊ သုံးနှစ်လောက်ပဲ ရှိသေးတဲ့ လုပ်သက်နုသူတွေ ဖြစ်နေတယ်။ အသင်းရဲ့ တစ်နေရာရာမှာတော့ အတွေ့အကြုံရှိတဲ့သူမျိုး လိုအပ်နေတာပါ" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ ရိုဆင်နီယာဟာ ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ် အဆင့် ၇ မှာ ထားရစ်ခဲ့ပြီး အဆင့် ၅ နေရာက လီဗာပူးအသင်းနဲ့ ၇ မှတ် ကွာဟနေပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ဟာလည်း ချယ်လ်ဆီးအတွက်တော့ အတော်လေး အလှမ်းဝေးသွားပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။