The network connection is lost.

Banner Image

မန်ယူနဲ့ သတင်းထွက်ပေါ်နေပြီး ခြေစွမ်းပိုင်းအနည်းငယ်ကျဆင်းနေတဲ့ ပယ်လ်မာနဲ့ပတ်သက်လို့ ချဲလ်ဆီးအတွက် သတိပေးချက်ထွက်ပေါ်လာ

မကြာသေးမီကာလတွေမှာ ခြေစွမ်းပိုင်းအနည်းငယ်ကျဆင်းနေတာကြောင့် ဝေဖန်မှုအချို့နဲ့ရင်ဆိုင်နေရတဲ့ ကိုးလ်ပယ်လ်မာရဲ့အပြောင်းအရွှေ့သတင်းတွေ ပိုမိုကျယ်လောင်လာနေမှုကို အလေးအနက်ထားဖို့ ချဲလ်ဆီးအသင်းဆီ သတိပေးမှု ရှိလာပါတယ်။

ချဲလ်ဆီးနောက်ခံလူဟောင်းပေါလ်ပါကားကတော့ အခုလိုသတင်းတွေထွက်ပေါ်လာမှုကြောင့် အသင်း ပိုင်ရှင်ဖြစ်သူတော့ဒ်ဘိုလေရဲ့စီမံခန့်ခွဲမှုအောက်မှာ ကလပ်အသင်းရဲ့အတွင်းပိုင်းပြဿနာတွေကို ထင်ဟပ်နေစေတယ်လို့ ယူဆနေပါတယ်။

လတ်တလော ချဲလ်ဆီးက ကွန်ဖရန့်လိဂ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အောင်မြင်မှုရရှိခဲ့ပေမဲ့ နည်းပြအပြောင်းအလဲတွေ မကြာခဏပြုလုပ်တတ်လို့ အသင်းအတွင်း မတည်ငြိမ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ်။

လက်ရှိမှာ အန်ဇိုဖာနန်ဒက်ဇ်အပါအဝင် တခြားကစားသမားတွေကိုလည်း အခြားအသင်းတွေက စိတ်ဝင်စားနေကြလို့ ချန်ပီယံလိဂ်ဝင်ခွင့်သာမရရှိဘူးဆိုရင် အဓိကကစားသမားတွေ အသင်းမှထွက်ခွာသွားမယ့်အရေးနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။

"အသင်းတာဝန်ရှိသူတွေကိုယ်တိုင် ဒီအခြေအနေကို ရာနှုန်းပြည့် စိုးရိမ်သင့်ပါတယ်။ ကစားသမားတွေက အသင်းရဲ့စီမံခန့်ခွဲပုံ သို့မဟုတ် အသင်းရဲ့ပတ်ဝန်းကျင်အခြေအနေတွေကို သဘောမကျလို့ မကစားချင်တာမျိုး ဖြစ်နိုင်ပါတယ်" လို့ ပါကားက Goal ဆီ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပါကားက "ကျွန်တော်သာဆိုရင်လည်း အဲဒီလိုပဲ ခံစားမိပါလိမ့်မယ်။ ဘောလုံးအသင်းတစ်ခုဆီပြောင်းလာဖို့ လက်မှတ်ထိုးတယ်ဆိုတာ အဲဒီအသင်းရဲ့နည်းပြကို သဘောကျလို့ပါ။ 'အသင်းရဲ့ ပရောဂျက် (စီမံကိန်း) ကို သဘောကျလို့ပါ' ဆိုတဲ့ ဒီဘက်ခေတ် စကားလုံးတွေကို ကျွန်တော် လုံးဝမယုံပါဘူး။ ဒါတွေက အလကားစကားတွေပါ။ နားထောင်လို့ကောင်းအောင်၊ ကိုယ့်ကိုယ်ကိုယ် လူတတ်ကြီးလို့ အထင်ခံရအောင် ပြောကြတာမျိုးပါ။ အမှန်အတိုင်းပဲ ပြောလိုက်ပါ - မင်းက အဲဒီကလပ်အသင်းမှာ ကစားချင်တာ၊ ပြီးတော့ နည်းပြကို သဘောကျတာ။ မင်းကို စည်းရုံးနိုင်ခဲ့တာက အားကစားဒါရိုက်တာတွေ မဟုတ်ဘဲ နည်းပြပဲ ဖြစ်ရမယ်၊ ဘာလို့လဲဆိုတော့ မင်းခြေစွမ်းပြပြီး မျက်နှာလုပ်ရမယ့်သူက နည်းပြဖြစ်နေတာလေ" လို့ ဝေဖန်ပြောကြားသွားခဲ့ပါတယ်။