ရာသီကုန်အထိ အနားယူရမယ့် ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားအပ်မက်တွေ ပျက်ပြယ်သွားရတဲ့ အဲဗာတန်ကြယ်ပွင့် ဘရန့်ဝိတ်သ်
ပြီးခဲ့တဲ့ အပတ်စဉ်ပိတ်ရက်က လီဗာပူးနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အဲဗာတန်အသင်းရဲ့ ဂျရတ်ဘရန့်ဝိတ်သ်အတွက်တော့ ဒီရာသီက ကုန်ဆုံးသွားခဲ့ပါပြီ။
အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ ပြီးခဲ့တဲ့ရာသီကလည်း ပေါင်နောက်ကြော (hamstring) ဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် ၃၅ ပွဲအထိ လွဲချော်ခဲ့ဖူးပါတယ်။ အခုလည်း တနင်္ဂနွေနေ့က လီဗာပူးနဲ့ပွဲမှာ အဲဒီဒဏ်ရာဟောင်း ပြန်လည်ရရှိသွားခဲ့တာပါ။
ပွဲအပြီးသတ်ခါနီးမှာ ဘောလုံးဖျက်ထုတ်ဖို့ ကြိုးစားရင်း ကြော်ငြာဆိုင်းဘုတ်တွေနားကို လျှောတိုက်မိသွားခဲ့တာဖြစ်ပြီး ညာဘက်ပေါင်နောက်ကြောကို ကိုင်ထားရင်း မျက်ရည်တွေနဲ့အတူ လူနာထမ်းစင်ပေါ်ပါသွားခဲ့ရပါတယ်။
Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ အင်္ဂလန်ကြယ်ပွင့်ကစားသမားဟာ စကင်န်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ပေါင်နောက်ကြောဒဏ်ရာ အခြေအနေကြောင့် အနည်းဆုံး နှစ်လလောက် ကွင်းပြင်ပမှာ အနားယူရမှာ ဖြစ်ပါတယ်။
ဒဏ်ရာပိုမဆိုးစေဖို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပြီးခဲ့တဲ့အပတ်က ပေါ်တူဂီမှာပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ရေးစခန်းကိုလည်း သူလွဲချော်ခဲ့ပါသေးတယ်။
ဒီလူငယ်ကစားသမားလေးဟာ ရေရှည်ပေါင်နောက်ကြောဒဏ်ရာကနေ ဇန်နဝါရီလကမှ ပြန်လည်သက်သာလာတာဖြစ်ပြီး ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းမှာမှ အသင်းအတွက် ဒီရာသီရဲ့ ပထမဆုံးပွဲစဉ်ကို ပါဝင်ကစားပေးနိုင်ခဲ့တာပါ။
အခုတော့ သူ့ရဲ့ရာသီက အဆုံးသတ်သွားခဲ့ပြီဖြစ်လို့ လာမယ့်နွေရာသီမှာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတွေမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်နည်းပြ သောမတ်စ်တူချယ်က သူ့ကို အားကိုးနိုင်တော့မှာ မဟုတ်ပါဘူး။ တကယ်တော့ ဒီအဲဗာတန်ကြယ်ပွင့်ဟာ ဂျာမန်နည်းပြကြီးရဲ့ ခေါ်ယူခြင်းခံရဖို့ အခွင့်အရေးအနည်းငယ် ရှိနေခဲ့တာပါ။
လက်ရှိမှာ အဲဗာတန်အသင်းက ပရီးမီးယားလိဂ်အဆင့် ၁၀ မှာ ရှိနေပြီး အဆင့် ၆ က ချယ်လ်ဆီးနဲ့ တစ်မှတ်ပဲ ကွာဟပါတော့တယ်။ အခုလို ဘရန့်ဝိတ်သ် ဒဏ်ရာရသွားတာဟာ နောက်ရာသီ ဥရောပဝင်ခွင့်ရဖို့ အားခဲနေတဲ့ အဲဗာတန်ရဲ့ အခွင့်အရေးအနည်းငယ်ကိုပါ အကြီးအကျယ် ထိခိုက်သွားစေနိုင်ပါတယ်။