ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ ပရိသတ်တွေကို စိတ်အေးစေခဲ့တဲ့ မာမာဒါရှီဗီလီ
ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ အဲဗာတန်နဲ့ပွဲစဉ်အတွင်း ထမ်းစင်ဖြင့် ကွင်းတွင်းမှထွက်ခွာသွားရပြီးနောက် မာမာဒါရှီဗီလီက ပထမဆုံးအကြိမ်အဖြစ် လူမှုကွန်ရက်မှာ စာတင်လာပါတယ်။ တနင်္ဂနွေနေ့မွန်းလွဲပိုင်းမာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ မာမာဒါရှီဗီလီဒဏ်ရာရရှိသွားလို့ ဝုဒ်မန်းက လူစားဝင်ကစားခဲ့ပါတယ်။
ပွဲထွက်ဂိုးသမားအလီဆင်ရဲ့နေရာမှာ ဝင်ကစားပေးနေတဲ့ ဂျော်ဂျီယာဂိုးသမားသာ ဒဏ်ရာရသွားရင် အသင်းမှာ တတိယဦးစားပေးဂိုးသမားတစ်ဦးပဲ ကျန်ရှိတော့လို့ တကယ်ကို စိုးရိမ်စရာ အခြေအနေတစ်ခု ဖြစ်ခဲ့ပါတယ်။ လီဗာပူးနည်းပြ အာနယ်ဆလော့ကလည်း မာမာဒတ်ရှ်ဗီလီရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး Match of the Day နဲ့ အင်တာဗျူးမှာ "ကြည့်ရတာတော့ သိပ်မကောင်းဘူးဗျ။ ဒဏ်ရာက တော်တော်ကြီးလို့ သူ ဆေးရုံကို တန်းသွားခဲ့ရတယ်။ အခြေအနေ ဘယ်လိုရှိမလဲ စောင့်ကြည့်ရဖို့ရှိပေမဲ့ အဆိုးဆုံးအခြေအနေကိုပဲ စိုးရိမ်နေရတယ်။ ရေရှည်ဒဏ်ရာမျိုးမဟုတ်တောင် လာမယ့်သီတင်းပတ်ပွဲစဉ်အတွက်တော့ စိုးရိမ်ရပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
အခုအခါမှာတော့ ဂျော်ဂျီယာဂိုးသမားက လူမှုကွန်ရက်မှတဆင့် ပရိသတ်တွေကို စိတ်အေးစေမယ့် သတင်းစကားပါးလိုက်ပြီး အခုသီတင်းပတ်ကုန်၊ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ ပြန်ပါဝင်နိုင်ခြေရှိတယ်လို့ အတည်ပြုလိုက်ပါတယ်။ မာမာဒါရှီဗီလီက "ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်၊ အားလုံးအဆင်ပြေပါတယ်။ အားပေးကြတဲ့သူတွေနဲ့ ကျွန်တော့်အနားမှာ ရှိပေးကြတဲ့သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ မကြာခင် ပြန်လာခဲ့ပါမယ်။ ဒါဘီပွဲမှာ နိုင်ပွဲရခဲ့သလို သုံးမှတ်အပြည့် ရခဲ့ပါပြီ" လို့ ရေးသားခဲ့ပါတယ်။
ဒဏ်ရာဟောင်းပြန်လည်ပေါ်ပေါက်လာလို့ အလီဆင် အနားယူနေရဆဲဖြစ်ပြီး မာမာဒါရှီဗီလီကတော့ အသင်းရဲ့ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကျန်ရှိပွဲစဉ်တွေမှာ ဂိုးပေါက်ကို တာဝန်ယူသွားပေးနိုင်ပါတယ်။ လီဗာပူးအသင်းက အခုသီတင်းပတ်ကုန်ပိုင်းမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားရဖို့ရှိပြီး အဲဒီနောက် မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်သွားရပါမယ်။ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာတော့ အလီဆင် ပြန်လာနိုင်ဖို့ မျှော်လင့်ရပါတယ်။