အင်္ဂလန်အသင်း ကမ္ဘာ့ဖလားရချင်ရင် ကစားသမားတွေဆီက "ကြောက်စိတ်" ကို ဖယ်ရှားပစ်ဖို့ သောမတ်စ်တူချယ်လ်ကို ဖာဘီယိုကာပယ်လို အကြံပြု
အင်္ဂလန်အသင်း ကမ္ဘာ့ဖလားရဖို့အတွက် ဘာတွေက အဟန့်အတားဖြစ်နေလဲဆိုတာနဲ့ ပတ်သက်ပြီး အင်္ဂလန်အသင်းရဲ့ နည်းပြဟောင်း ဖာဘီယိုကာပယ်လိုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ တဖြည်းဖြည်း နီးကပ်လာနေပြီဖြစ်ပြီး အသင်းတွေဟာ အခုဘောလုံးရာသီအကုန်မှာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတွေကို သွားရောက်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေမယ့် ဒီပြိုင်ပွဲမှာ အာဂျင်တီးနား၊ စပိန်၊ ပြင်သစ်နဲ့ အင်္ဂလန်တို့ဟာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။
အင်္ဂလန်အသင်းဟာ ၁၉၆၆ ခုနှစ်တုန်းက ကမ္ဘာ့ဖလားကို တစ်ကြိမ်ပဲ ရယူဖူးပြီး ဒါဟာ အခုလက်ရှိ ပရိသတ်အများစု မမွေးခင်ကတည်းက ဖြစ်ပါတယ်။ အင်္ဂလန် (The Three Lions) အသင်းဟာ အုပ်စု (L) မှာ ခရိုအေးရှား၊ ဂါနာ၊ ပနားမားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး ဒါဟာ ဒီနှစ်မှာ အဆုံးထိတက်လှမ်းနိုင်ဖို့အတွက် သူတို့ရဲ့ ပထမဆုံး စမ်းသပ်ချက်ပဲ ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်တုန်းက အင်္ဂလန်အသင်းကို ပထမဆုံး ကိုင်တွယ်ခွင့်ရခဲ့တဲ့ နိုင်ငံခြားသားနည်းပြ ဖာဘီယိုကာပယ်လိုက အင်္ဂလန်အသင်းရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး BBC ကို ပြောပြခဲ့တာပါ။ အသက် ၇၉ နှစ်အရွယ် ဖာဘီယိုကာပယ်လိုက ပွင့်ပွင့်လင်းလင်းပဲ ဝေဖန်အကြံပြုခဲ့ပြီး အင်္ဂလန်အသင်းအနေနဲ့ နိုင်ငံတကာပြိုင်ပွဲတွေက စိတ်ပျက်စရာတွေကို အဆုံးသတ်ပြီး ချန်ပီယံဖြစ်ချင်တယ်ဆိုရင် လက်ရှိနည်းပြ သောမတ်စ်တူချယ်လ်အနေနဲ့ ကစားသမားတွေဆီက ကြောက်စိတ်တွေကို ဖယ်ရှားပစ်ရမယ်လို့ ဆိုပါတယ်။
"အီတလီနဲ့ ကစားခဲ့တဲ့ပွဲကို ကျွန်တော် မှတ်မိသေးတယ်။ သူတို့ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်မှာ ဂိုးရပြီး အနိုင်ရနေပေမဲ့ အဲဒီနောက်ပိုင်းမှာ ဆက်မကစားနိုင်တော့ဘူး။ ကြောက်စိတ်နဲ့ ကစားခဲ့ကြတာ။ ဒါက အင်္ဂလန်ရဲ့ ပြဿနာပဲ။ သူတို့က ပင်ပန်းနေသလို ကြောက်စိတ်လည်း ရှိနေကြတယ်။ နည်းပြဖြစ်သူက ဒီအချက်နှစ်ခုကို ဖယ်ရှားပေးနိုင်ရမယ်" လို့ ၎င်းက ပြောပါတယ်။
အင်္ဂလန်အသင်းဟာ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဆီမီးဖိုင်နယ်နဲ့ ကွာတားဖိုင်နယ်အထိ အသီးသီး တက်လှမ်းနိုင်ခဲ့ပေမဲ့ ၁၉၆၆ ခုနှစ်မှာ ချန်ပီယံဖြစ်ခဲ့ပြီးကတည်းက ဗိုလ်လုပွဲကိုတော့ တစ်ခါမှ မရောက်ဖူးသေးပါဘူး။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်နေ့မှာ စတင်မှာဖြစ်ပြီး အင်္ဂလန်အသင်းရဲ့ ပထမဆုံးပွဲစဉ်ဖြစ်တဲ့ ခရိုအေးရှားနဲ့ပွဲကိုတော့ တစ်ပတ်အကြာမှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။