The network connection is lost.

Banner Image

လက်ရှိကမ္ဘာ့အကောင်းဆုံးဘောလုံးသမားက ယာမယ်လ်ဖြစ်တယ်လို့ ဘောလွန်းဒီအော် ၃ ဆုရှင် အခိုင်အမာပြော

ဘောလုံးလောကသမိုင်းတစ်လျှောက် အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ် အသိအမှတ်အပြုခံရတဲ့ ဘောလွန်းဒီအော် ၃ ကြိမ်ဆုရှင် မာကိုဗန်ဘတ်စတန်က ဘာစီလိုနာကြယ်ပွင့်ကစားသမားလေး လာမိုင်းယာမယ်လ်ဟာ လက်ရှိဘောလုံး‌လောကရဲ့အကောင်းဆုံးကစားသမားဖြစ်တယ်လို့အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 
၂၀၂၆ ရောက်ရှိဖို့ နီးကပ်လာတဲ့နဲ့အမျှ ၂၀၂၅ ခုနှစ်ဟာ လာမိုင်းယာမယ်လ်ရဲ့နှစ်တစ်နှစ်ဖြစ်ခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး ပါရမီရှင်လူငယ်ကစားသမားဟာ ယခုအခါမှာ ကမ္ဘာ့အဆင့်မီကစားသမားတစ်ဦးအဖြစ် အသက်-၁၈ နှစ်အရွယ်မှာတင် ဘောလွန်းဒီအော်ဆုအတွက် ဒုတိယနေရာအထိချိတ်ထားခဲ့ပါတယ်။ 
ယာမယ်လ်ဟာ ပြိုင်ဘက်တွေကိုလိမ်ခေါက်ကျော်ဖြတ်ရာမှာ အကောင်းဆုံးဖြစ်ကြောင်း သက်သေပြသထားနိုင်ခဲ့သလို၊ သူ့ရဲ့ဂျာစီရောင်းအားကလည်း လီယွန်နယ်မက်ဆီနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့ကိုကျော်ဖြတ်ပြီး ကမ္ဘာ့ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။
ယခုအခါမှာ ဗန်ဘတ်စတန်ကို ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးကစားသမားကိုရွေးချယ်ခိုင်းခဲ့ရာ နယ်သာလန်လက်ရွေးစင်ဟောင်းက ဘာစီလိုနာကြယ်ပွင့်ကို ရွေးချယ်ခဲ့ပါတယ်။ သို့သော်လည်း ယာမယ်လ်အနေနဲ့ အနာဂတ်မှာဒဏ်ရာပြဿနာတွေကိုရှောင်လွှဲနိုင်ဖို့လိုအပ်ကြောင်းလည်း သတိပေးပြောကြားခဲ့ပါတယ်။
ဗန်ဘတ်စတန်က "သံသယဖြစ်စရာမလိုပါဘူး။ အခုချိန်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားက လာမိုင်းယာမယ်လ်ပါပဲ။ ဒါပေမယ့် သူ့အနေနဲ့ အနာဂတ်မှာ ဒဏ်ရာပြဿနာတွေကို အတတ်နိုင်ဆုံးရှောင်လွှဲနိုင်ဖို့လိုပါတယ်။ဒါမှကျွန်တော်တို့ သူ့ရဲ့ကစားပုံကို အကြာကြီးစောင့်ကြည့်ခံစားရမှာပါ" လို့ပြောကြားခဲ့ပါတယ်။ 
ယာမယ်လ်ဟာ ယခုရာသီအတွင်းမှာပဲ ဒဏ်ရာပြဿနာကြောင့် ဘာစီလိုနာရဲ့ပွဲစဉ်အချို့ကို လွဲချော်ထားခဲ့ပါတယ်။ ဘာစီလိုနာအနေနဲ့ ၂၀၂၆ ခုနှစ်မှာ အောင်မြင်မှုတွေပိုမိုရရှိဖို့အတွက် ယာမယ်လ်ကို ရာသီကုန်အထိ ကြံ့ခိုင်မှုပြည့်ဝစေဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။