ဘာစီလိုနာက ချိတ်ဆက်နေချိန်မှာပဲ ဆွန်ဟောင်မင်အနာဂတ်ကို ထုတ်ပြန်လာတဲ့ တော့တင်ဟမ်
တော့တင်ဟမ်အသင်းကတော့ ဘာစီလိုနာကပစ်မှတ်ထားနေတဲ့ ဆွန်ဟောင်မင်တစ်ယောက် အသင်းမှာ ၂၀၂၆ အထိ ဆက်ရှိနေမယ်လို့ ကြေညာလိုက်ပါတယ်။ ဆွန်ကို ဘာစီလိုနာအသင်းက အလွတ်နဲ့ခေါ်ယူဖို့ ချိတ်ဆက်နေတာဖြစ်ပြီး အခုချိန်မှာတော့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။ စာချုပ်သက်တမ်းက နောက်ဆုံး ၆ လထဲဝင်လာခဲ့တာကြောင့် တောင်ကိုရီးယားသားအနာဂတ်က မသေချာတဲ့အနေအထားဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့်လည်း အခုချိန်မှာတော့ သတင်းတွေကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပြီး ဆွန်ဟောင်မင်အနေနဲ့ အသင်းမှာဆက်ရှိနေတော့မှာဖြစ်ပါတယ်။ တနင်္လာနေ့တုန်းက စပိန်သတင်းဌာနတစ်ခုက ဘာစီလိုနာအသင်းဟာ ဆွန်ဟောင်မင်ကို ချိတ်ဆက်နေတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဆိုပါအနေအထားကြောင့် တော့တင်ဟမ်က ဆွန်ရဲ့စာချုပ်ထဲမှာပါတဲ့အချက်ကို အလျင်အမြန်အသုံးချခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယားသားဟာ ၂၀၁၅ တုန်းက တော့တင်ဟမ်အသင်းထံ လေဗာကူဆင်အသင်းဆီကနေ ပြောင်းလာခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၄၃၁ ပွဲပါဝင်ကစားခဲ့ကာ ၁၆၉ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ “ဆွန်ကို စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့လို့ ကျွန်တော်တို့ ဝမ်းသာမိပါတယ်။ အခုဆိုသူက အသင်းမှာ ၂၀၂၆ အထိ ဆက်ရှိနေတော့မှာပါ”လို့ တော့တင်ဟမ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ တော့တင်ဟမ်ဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ကာရာဘောင်ဖလားပွဲအဖြစ် လီဗာပူးအသင်းနဲ့ ပထမအကျော့ကန်ရမှာဖြစ်ပါတယ်။