လီဗာပူးကစားသမားဘဝအဖွင့်ဂိုးမရရှိခဲ့မှုအတွက် တုံ့ပြန်မှတ်ချက်ပေးလာတဲ့ ဖလော်ရီယန်ဝစ်ဇ်
ဒီနေ့မနက်ပိုင်း၊ ဆန်းဒါးလန်းနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၈၁ မိနစ်မှာ ဖလော်ရီယန်ဝစ်ဇ်ရဲ့ကန်ချက်မှတဆင့် ပေါ်ထွက်လာတဲ့ လီဗာပူးရဲ့ချေပဂိုးကို Own Goal (O.G) အဖြစ် သတ်မှတ်ပြီးနောက် ဂျာမန်သားရဲ့ပရီးမီးယားလိဂ်ကစားသမားဘဝပထမဆုံးသွင်းဂိုးဟာ ရက်ရက်စက်စက်ပယ်ချခံခဲ့ရပါတယ်။
လေဗာကူဆင်မှ လီဗာပူးဆီ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာတဲ့ ဖလော်ရီယန်ဝစ်ဇ်က ပရီးမီးယားလိဂ် ၁၃ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ သူ့ရဲ့ခြေစွမ်းကို သက်သေပြနိုင်ဖို့ အဆင်သင့်ဖြစ်လာပုံရပါတယ်။
သာမန်ပွဲကစားချိန်ပြီးဆုံးဖို့ ကိုးမိနစ်သာလိုအပ်တော့ချိန် ဂျာမန်သားက ကာတစ်ဂျုံးစ်ရဲ့ပေးပို့မှုမှတဆင့် ပြိုင်ဘက်ဂိုးဧရိယာဆီဝင်ရောက်ကာ ကန်သွင်းယူပြီးနောက် သူ့ရဲ့ပရီးမီးယားလိဂ်ကစားသမားဘဝအဖွင့်ဂိုး ရရှိပြီလို့ ယုံကြည်နေခဲ့ပါတယ်။ Sky Sports ရဲ့တိုက်ရိုက်တင်ဆက်သူတွေကိုယ်တိုင်လည်း ဖလော်ရီယန်ဝစ်ဇ် ဂိုးသွင်းယူနိုင်ပြီလို့ ယူဆခဲ့ကြပါတယ်။
ဒါပေမဲ့ တခဏလေးအကြာမှာပဲ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က လီဗာပူးရဲ့ပွဲချိန် ၈၁ မိနစ်ချေပဂိုးကို မူကီလီရဲ့O.G အဖြစ်သာ သတ်မှတ်တယ်လို့ အသိပေးကြေညာခဲ့ပါတယ်။ ဖလော်ရီယန်ဝစ်ဇ်ကိုယ်တိုင်လည်း လီဗာပူးအတွက် သူ့ရဲ့အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီလို့ ထင်မြင်ယူဆခဲ့ပေမယ့် ပွဲစဉ်အပြီး Sky Sports သတင်းထောက်တစ်ဦးက ဂျာမန်သားဆီ ဒီချေပဂိုးကို O.G အဖြစ် သတ်မှတ်လိုက်ပြီလို့ သတင်းပေးလာခဲ့ပါတယ်။
ဒီစကားကိုကြားလိုက်ပြီးနောက် ကာတစ်ဂျုံးစ်ဘေးမှာရပ်နေတဲ့ ဖလော်ရီယန်ဝစ်ဇ်ကိုယ်တိုင် ကြောင်အမ်းအမ်းဖြစ်သွားပြီး ခဏလောက်ငြိမ်သက်သွားကာ သူ့ကိုယ်သူပြန်လည်ထိန်းသိမ်းခဲ့ပါတယ်။ သူက “ ဒါက ကျွန်တော့်အတွက် အရေးမကြီးပါဘူး။ ကျွန်တော်တို့အသင်း သရေကျသွားပါတယ်။ ကျွန်တော်တို့တွေ အနိုင်ရလဒ်လိုချင်ခဲ့တာပါ။ ဒီနေ့အတွက် အရေးအကြီးဆုံးက ဒါပါပဲ။ ကံမကောင်းခဲ့ပါဘူး”လို့ ပြောပါတယ်။
ကာတစ်ဂျုံးစ်လည်း သူ့ရဲ့အသင်းဖော်အတွက် စိတ်မကောင်းဖြစ်သွားပြီး ဖလော်ရီယန်ဝစ်ဇ်ရဲ့သွင်းဂိုးအဖြစ် မသတ်မှတ်တာ စိတ်ပျက်စရာပါလို့ ထပ်ပြောခဲ့ပါတယ်။ ကာတစ်ဂျုံးစ်က “ ဖလော်ရီယန်ဝစ်ဇ်ဆိုတာ ဘောလုံးကို အလွန်လိုချင်သူတစ်ဦးပါ။ သူ့ရဲ့ပြေးလွှားမှုတွေ အများကြီးရှိခဲ့ပါတယ်။ ဒီဂိုးကိုလည်း O.G အဖြစ်သတ်မှတ်တယ်ဆိုတာ စိတ်ပျက်စရာကောင်းပါတယ်”လို့ ဆိုပါတယ်။
ဆက်လက်ပြီး ပွဲပြီးအင်တာဗျူးအစီအစဉ်မှာလည်း ဖလော်ရီယန်ဝစ်ဇ်က သူ့ရဲ့လီဗာပူးကစားသမားဘဝကနဦးအစအကြောင်း တစေ့တစောင်းပြောပြခဲ့ပါတယ်။ သူက “ ပထမဆုံးအဖြစ် အသင်းက ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်။ ဒါက အရမ်းကောင်းတဲ့အသင်းတစ်ခုဖြစ်ပြီး ဒီအသင်းမှာရှိနေရလို့ အလွန်ပျော်ရွှင်မိပါတယ်။ အမှန်ပါပဲ၊ ကျန်ခဲ့တဲ့ရက်သတ္တပတ်တွေက အသင်းတစ်ခုအဖြစ် ကျွန်တော်တို့အတွက် အလွန်ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ Come back လုပ်နိုင်ဖို့အတွက် ကောင်းမွန်တဲ့လမ်းကြောင်းတစ်ခုအပေါ် ရောက်ရှိနေပါတယ်။
ကျွန်တော်တို့ အကောင်းဆုံးကြိုးစားနေပါတယ်။ ဒီနေ့မှာဆိုရင်လည်း ကျွန်တော်တို့က နိုင်ပွဲလိုချင်ခဲ့တာပါ။ ကျွန်တော်တို့တွေ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရှိနေချင်ပါတယ်။ ဒီအတွက် ဆက်ပြီးကြိုးစားသွားပါမယ်။ အရာအားလုံးကို ပြောင်းလဲပစ်နိုင်မယ်လို့ ယုံကြည်မိပါတယ်”လို့ ပြောပါတယ်။လက်ရှိမှာ လီဗာပူးက အမှတ်ပေးဇယားအဋ္ဌမနေရာမှာ ရှိနေပြီး လာမယ့်စနေနေ့မှာ လိဒ်ယူနိုက်တက်နဲ့ ရင်ဆိုင်ကစားရပါမယ်။