
ဆွန်ဟောင်မင်မရှိတော့တဲ့နောက် အသင်းခေါင်းဆောင်အသစ်ကို ကြေညာလိုက်တဲ့ တော့တင်ဟမ်
ဆွန်ဟောင်မင်တစ်ယောက် မေဂျာလိဂ်ထံပြောင်းရွှေ့ခဲ့တာကြောင့် တော့တင်ဟမ်အသင်းက ရိုမဲရိုးကို အသင်းခေါင်းဆောင်အသစ်အဖြစ် ကြေညာလိုက်ပါတယ်။ ဆွန်ဟာ တော့တင်ဟမ်ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး သူ့နောက်မှာ ရိုမဲရိုး နဲ့ မက်ဒီဆင်တို့ ဒုတိယအအသင်းခေါင်းဆောင်တွေအဖြစ် တာဝန်ယူခဲ့ကြပါတယ်။
အခုချိန်မှာ ဆွန်က မေဂျာလိဂ်ထံပြောင်းရွှေ့ခဲ့ပြီဖြစ်တာကြောင့် နည်းပြ ဖရန့်ခ်က အာဂျင်တိုင်းသားကို ပီအက်စ်ဂျီနဲ့ ယူအီးအက်ဖ်အေစူပါဖလားပွဲမတိုင်ခင် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ရိုမဲရိုးဟာ ၂၀၂၁ တုန်းက အတ္တလန္တာအသင်းထံကနေ တော့တင်ဟမ်အသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လန်ဒန်ရောက်ပြီးကတည်းက အသင်းအတွက် ပြိုင်ပွဲစုံပွဲ ၁၀၀ ကျော်ပါဝင်ကစားခဲ့ပါတယ်။ တော့တင်ဟမ်ခံစစ်မှာ ရိုမဲရိုးဟာ အသင်းဖော် ဗန်ဒီဗန်နဲ့အတူ လက်တွဲညီခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ယူရိုပါလိဂ်ဖလားရယူနိုင်ခဲ့ပါတယ်။
“ကျွန်တော် ရိုမဲရိုးနဲ့စကားပြောဖြစ်ပါတယ်။ သူက ကျွန်တော်တို့အသင်းခေါင်းဆောင်ပါ။ သူဒီအကြောင်းကိုကြားချိန်မှာ အရမ်းဂုဏ်ယူနေသလို ပျော်လည်းပျော်နေပါတယ်။ အဲ့တာက ကြီးမားတဲ့အရာဖြစ်သလို သူ့အတွက် ဒီအသင်းကို ရာသီတစ်လျှောက်လုံး ဦးဆောင်ရတော့မှာပါ။ သူ့မှာ အသင်းကိုဦးဆောင်နိုင်တဲ့အရည်အချင်းတွေရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့ရဲ့အမူအကျင့်တွေက အသင်းကိုကွင်းထဲမှာ ဦးဆောင်နိုင်မှာပါ။ အသင်းအစုအဖွဲ့ကိုလည်း ဦးဆောင်နိုင်တဲ့အစုအဖွဲ့မျိုးလိုချင်ပါတယ်။ မှန်ပါတယ်။ တစ်ယောက်ကတော့ အသင်းခေါင်းဆောင်လက်ပတ်ကိုဝတ်ဆင်ရမှာပါ။ ဒါပေမယ့် ကျွန်တော်အသင်းမှာ ခေါင်းဆောင်တွေအအများကြီးရှိစေချင်ပါတယ်။ အဲ့တာမှလည်း အသင်းကို သေချာလေးဦးဆောင်နိုင်မှာပါ။ ကျွန်တော်တစ်ယောက်တည်းနဲ့ အရာအားလုံးမလုပ်နိုင်ပါဘူး။ နည်းပြအဖွဲ့ဝင်တွေလိုအပ်ပါတယ်။ အရာအားလုံးဆန်းစစ်ပြီးရင် ကျွန်တော်ဒီအစုအဖွဲ့ကို နာမည်ပေးပါမယ်”လို့ ဖရန့်ခ်က ပြောကြားခဲ့ပါတယ်။
တော့တင်ဟမ်ဟာ ရာသီသစ်မတိုင်ခင် ဆုဖလားတစ်လုံးထပ်ရဖို့ရှိနေတာဖြစ်ပြီး ပီအက်စ်ဂျီနဲ့ ယူအီးအက်ဖ်အေစူပါဖလားပွဲကန်ရမှာဖြစ်ပါတယ်။ ပီအက်စ်ဂျီတိုက်စစ်ကြောင့် တော့တင်ဟမ်အနေနဲ့ ဘယ်လိုမျိုးရင်ဆိုင်မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်သလို ရိုမဲရိုးကလည်း အသင်းနောက်တန်းကို ဦးဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။