
တော့တင်ဟမ်နဲ့အတူ ဆုဖလားဆွတ်ခူးနိုင်ခဲ့တဲ့ ဆွန်ဟောင်မင်အတွက် ဂုဏ်ယူမိကြောင်းပြောကြားလာတဲ့ ဟယ်ရီကိန်း
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းက ပြီးခဲ့တဲ့ရာသီမှာ တော့တင်ဟမ်နဲ့အတူ ယူရိုပါလိဂ်ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ အသင်းဖော်ဟောင်း ဆွန်ဟောင်မင်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပြီး ဆုဖလားအောင်မြင်မှုရရှိခဲ့လို့ ဂုဏ်ယူမိတယ်လို့ဆိုပါတယ်။
ကြာသပတေးနေ့ညက ဘိုင်ယန်မြူးနစ်ဟာ တော့တင်ဟမ်နဲ့ ရာသီကြိုခြေစမ်းပွဲစဉ်ကစားခဲ့ပြီး ၄-၀ နဲ့အနိုင်ရခဲ့ပေမယ့် အဆိုပါပွဲစဉ်မတိုင်မီမှာပဲ ဆွန်ဟောင်မင်ဟာ တော့တင်ဟမ်နဲ့လမ်းခွဲခဲ့တာကြောင့် ကိန်းနဲ့ ဆွန်တို့အကြား အားပြိုင်မှု ကို မြင်တွေ့ခွင့်မရခဲ့ပါဘူး။ သို့သော်လည်း ပွဲအပြီးမှာ ကိန်းက ဆွန်ဟာ သူ့အတွက် အလွန်အဖိုးတန်တဲ့ အသင်းဖော်မိတ်ဆွေတစ်ဦးဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့တာဖြစ်ပါတယ်။
ကိန်းနဲ့ဆွန်တို့ဟာ တော့တင်ဟမ်မှာအတူတူကစားခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း အတော်လေးအတွဲအဖက်မိခဲ့တဲ့ အသင်းဖော်တွေဖြစ်ခဲ့ကြပြီး တစ်ဦးနဲ့တစ်ဦး ဂိုးဖန်တီးမှုတွေပြုလုပ်ပေးခဲ့ကြကာ နှစ်ဦးပေါင်း ပရီးမီးယားလိဂ်သွင်းဂိုး ၄၇ ဂိုးအထိ အပြန်အလှန်ဖန်တီးပေးနိုင်ခဲ့ကြပါတယ်။
ယခုအခါမှာ ကိန်းက "တော့တင်ဟမ်ကစားသမားဘဝကို ဆုဖလားတစ်လုံးနဲ့ အဆုံးသတ်နိုင်ခဲ့တာ သူ့အတွက် အရမ်းကောင်းပါတယ်။ ပြီးခဲ့တဲ့ရာသီက ဆွန်ရဲ့ကစားသမားဘဝအတွက် အကောင်းဆုံးရာသီဖြစ်ခဲ့ပြီး ဒါကို သူအမြဲအမှတ်ရနေမှာပါ။ သူ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ သူ့အကြောင်းပြောရမယ်ဆိုရင် ပထမဆုံးအနေနဲ့ပြောရမှာက သူက အရမ်းတော်တဲ့ကစားသမားတစ်ယောက်ပါ"
"ကျွန်တော်တို့နှစ်ယောက် တော့တင်ဟမ်မှာ အရမ်းကောင်းတဲ့သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။ ဆွန်က အရမ်းနှိမ့်ချတတ်ပြီး လူကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ သိသာပါတယ်။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ အတော်လေးကောင်းတဲ့ ချိတ်ဆက်မှုတစ်ခု ရှိနေခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ကိန်းဟာ ဒူးခေါင်းအရွတ်ဒဏ်ရာကြောင့် လာမယ့်ရာသီတစ်ခုလုံးကိုလွဲချော်သွားတော့မယ့် အင်္ဂလန်အသင်းဖော် တော့တင်ဟမ်ကွင်းလယ်ကြယ်ပွင့် ဂျိမ်းစ်မက်ဒီဆင်အတွက်လည်း စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်က "ကျွန်တော်သူနဲ့ စကားပြောဖြစ်ခဲ့ပြီး အဲဒီသတင်းကိုကြားတော့ အတော်လေးစိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပါတယ်။ကျွန်တော် မက်ဒီဆင်ကို ကစားသမားတစ်ယောက်အနေနဲ့ရော လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ပါ သဘောကျပါတယ်။ ဒီလိုဒဏ်ရာကြုံတွေ့ခဲ့ရတာ သူ့အတွက်ကံဆိုးတာပါပဲ။ အကောင်းဆုံးဖြစ်ပါစေလို့ ကျွန်တော်ဆုတောင်းပေးခဲ့ပါတယ်။ လာမယ့်နှစ်မှာ အကောင်းဆုံးပြန်လာနိုင်မှာပါ" လို့ပြောကြားခဲ့ပါတယ်။
ကိန်းဟာ တော့တင်ဟမ်မှာကစားခဲ့စဉ်က စုစုပေါင်း ဂိုး ၂၈၀ အထိသွင်းယူနိုင်ခဲ့တာကြောင့် အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်ထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ တော့တင်ဟမ်ပွဲတွေကို ဆက်လက်ကြည့်ရှုနေဆဲဖြစ်သလားလို့မေးခဲ့ရာမှာလည်း ကိန်းက "ကျွန်တော်အမြဲတမ်းစောင့်ကြည့်နေပါတယ်" လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။