The network connection is lost.

Banner Image

ချဲလ်ဆီးနဲ့ တော့တင်ဟမ်တို့ ထိပ်တိုက်ရင်ဆိုင်ရမယ့် ၂၀၂၆ ဆစ်ဒနီစူပါဖလားပြိုင်ပွဲ

အင်္ဂလန်ဘောလုံးလောကရဲ့ထိပ်တန်းကလပ်အသင်းကြီးနှစ်ခုက ကမ္ဘာ့ဘောလုံးလောကအတွက် အကြီးမားဆုံးအောင်မြင်မှုတစ်ခုအဖြစ် သြစတြေးလျမြေမှာ ဗြိတိန်ပြင်ပ ပထမဆုံးလန်ဒန်ဒါဘီပွဲစဉ်ကို ဆင်နွှဲသွားကြပါလိမ့်မယ်။အခုဆစ်ဒနီစူပါဖလားပြိုင်ပွဲမှာ ၂၀၂၆-၂၀၂၇ ပရီးမီးယားလိဂ်ဘောလုံးရာသီအတွက် ပြင်ဆင်မှုတစိတ်တပိုင်းအဖြစ် လန်ဒန်ဒေသခံကလပ်အသင်းကြီးနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုမတိုင်ခင် ဆစ်ဒနီ F.C က တော့တင်ဟမ်ကို ဧည့်ခံရဖို့ရှိပြီး Western Sydney Wanderers ကလည်း ချဲလ်ဆီးနဲ့ ရင်ဆိုင်သွားရပါမယ်။

ချဲလ်ဆီးနဲ့ တော့တင်ဟမ်စီနီယာကစားသမားတွေအတွက် ဒီခရီးစဉ်မှာပါဝင်နိုင်မယ့်အခွင့်အလမ်းက မြောက်အမေရိကဒေသမှာကျင်းပမယ့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း သူတို့တွေ ဘယ်လောက်အထိ ခရီးရောက်မလဲဆိုတာအပေါ် မူတည်နေပြန်ပါတယ်။ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲက ချဲလ်ဆီးနဲ့ Western Sydney Wanderers တို့ပွဲစဉ်မတိုင်ခင် ကိုးရက်အလိုမှာ ကျင်းပပြီးစီးဖို့ စီစဉ်ထားပါတယ်။

တော့တင်ဟမ်နည်းပြသောမတ်စ်ဖရန့်ခ်က “ ဆစ်ဒနီဆိုတာ ကမ္ဘာ့အားကစားလောကရဲ့ အထင်ကရနေရာတွေအနက် တစ်ခုဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ ကျွန်တော်တို့ရဲ့အကြီးမားဆုံးပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်အပါအဝင် ပွဲစဉ်နှစ်ခုကစားရဖို့ရှိနေလို့ စိတ်လှုပ်ရှားမိပါတယ်။

ဒါ့အပြင် သြစတြေးလျဒေသခံပရိသတ်တွေရဲ့စိတ်အားထက်သန်မှုကိုလည်း ကျွန်တော် ကြားသိထားရပြီး ဒါဟာ ကလပ်အသင်းအတွက် အလွန်ဂုဏ်ယူစရာကောင်းတဲ့အရာ ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ဒါကို တွေ့ကြုံခံစားနိုင်ဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး။ ပရိသတ်တွေကိုယ်တိုင်လည်း ဇာတိမြေမှာ ဆစ်ဒနီ FC၊ ချဲလ်ဆီးတို့နဲ့ ကျွန်တော်တို့အသင်း ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်တွေကို ကြည့်ရှုခွင့်ရရှိမှာဖြစ်လို့ ကြိုက်နှစ်သက်မယ်ဆိုတာ ကျွန်တော်သိပါတယ်။

ဆစ်ဒနီမှာရှိနေချိန် ကျွန်တော်တို့ရဲ့ပရိသတ်တွေနဲ့တွေ့ဆုံဖို့ရှိသလို ဒေသတွင်းယဉ်ကျေးမှုကို စူးစမ်းလေ့လာပြီး ဂုဏ်ပြုပေးသွားဖို့လည်း အရေးကြီးပါတယ်။ ဒါက ကျွန်တော်တို့အားလုံး မျှော်လင့်နေတဲ့အရာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဆစ်ဒနီစူပါဖလား ပွဲစဉ်ဇယား
-------------------------------
Western Sydney Wanderers vs ချဲလ်ဆီး (ဇူလိုင် ၂၈ ရက်)
ဆစ်ဒနီ FC vs တော့တင်ဟမ် (ဇူလိုင် ၂၉ ရက်)
ချဲလ်ဆီး vs တော့တင်ဟမ် (သြဂုတ် ၁ ရက်)