The network connection is lost.

Banner Image

ပိုစတီကိုဂလူထုတ်ပယ်ခံရမှုက နော်တင်ဟမ်ဖောရက်စ်ကစားသမားတွေမှာ အပြည့်အဝတာဝန်ရှိတယ်လို့ ပြောကြားလာတဲ့ ရွိုင်ကိန်း

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ရွိုင်ကိန်းက နည်းပြအန်ဂျီပိုစတီကိုဂလူ ရာထူးမှထုတ်ပယ်ခံမှုဟာ နော်တင်ဟမ်ဖောရက်စ်ကစားသမားတွေမှာ အပြည့်အဝတာဝန်ရှိကြောင်းနဲ့ ကစားသမားတွေကို ငတုံးတွေလို့ ဝေဖန်ခဲ့ပါတယ်။  ပိုစတီကိုဂလူဟာ နော်တင်ဟမ်ဖောရက်စ်ကို ကိုင်တွယ်ခဲ့တဲ့ပြိုင်ပွဲစုံ ၈ ပွဲမှာ ၆ ပွဲရှုံးပြီး ၂ ပွဲသရေကျခဲ့တာကြောင့် အသင်းမှာ တစ်လကျော်ကြာနေထိုင်ပြီးနောက်မှာပဲ ရာထူးကနေထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ ဖောရက်စ်ကဟာ ဩစတြေးလျသားရဲ့နေရာမှာ ဘန်လေနဲ့ အဲဗာတန်နည်းပြဟောင်း ရှောင်ဒိုက်ကို ခန့်အပ်ထားခဲ့ပြီး သောကြာနေ့နံနက်က ပေါ်တိုကိုယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ၂-၀ ဆိုတဲ့အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

နိုင်ပွဲပြန်လည်ရရှိခဲ့ပေမယ့် ပိုစတီကိုဂလူထုတ်ပယ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး ဖောရက်စ်မှာ ကစားသမားတစ်ယောက်အဖြစ်နေထိုင်ခဲ့ဖူးသလို၊ မာတင်အိုနေးလ်ရဲ့ လက်ထောက်နည်းပြအဖြစ်လည်းဆောင်ရွက်ခဲ့ဖူးတဲ့ ကိန်းကတော့ ကျေနပ်နိုင်ခြင်းမရှိဘဲ ကစားသမားတွေကို ဝေဖန်ပြောဆိုမှုတွေပြုလုပ်လာခဲ့တာဖြစ်ပါတယ်။

နောက်ခံကြယ်ပွင့်ဟောင်းက "ဖောရက်စ်ကစားသမားတွေရခဲ့တဲ့ အခွင့်အရေးတွေကိုကြည့်လိုက်စမ်းပါ။ ပိုစတီကိုဂလူကျတော့ ဘာမှအခွင့်အရေးမရခဲ့ပါဘူး။ ကစားသမားတွေ ဂိုးသွင်းနိုင်ဖို့ တကယ်ရောဆန္ဒရှိခဲ့ရဲ့လား။ သူတို့ ပိုစတီကိုဂလူကို ရာထူးမှဆက်ထားချင်ခဲ့ရဲ့လား။ ဖောရက်စ်မှာ ကစားသမားကောင်းတွေအများကြီးရှိပေမယ့် ဂိုးလေးတစ်ဂိုးရဖို့တောင် သူတို့မတတ်နိုင်ပါဘူး"

"ပြီးတော့ မန်နေဂျာက ရာထူးကနေထုတ်ပယ်ခံလိုက်ရပါတယ်။ ကစားသမားတွေရဲ့အတွေးထဲမှာတော့ အခုနည်းပြထွက်သွားရင် နောက်ထပ်နည်းပြသစ်တစ်ယောက်ထပ်ရောက်လာလိမ့်မယ်လို့ပဲ ပေါ့ပေါ့တန်တန်တွေးထားကြပါတယ်။ ရိုးရိုးသားသားပြောရမယ်ဆိုရင် ဒီကောင်တွေက တကယ့်ငတုံးတွေပါ" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်တနင်္ဂနွေနေ့မှာတော့ နော်တင်ဟမ်ဖောရက်စ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်ကိုအဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နည်းပြသစ် ရှောင်ဒိုက်နဲ့အတူ နိုင်ပွဲဆက်နိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။