The network connection is lost.

Banner Image

မန်စီးတီးကိုရှုံးနိမ့်ပြီးနောက် အလွန်ဆိုအတွက် ရီးရဲလ်မက်ဒရစ်အကြီးအကဲတွေရဲ့ဆုံးဖြတ်ချက်ထွက်ပေါ်လာ

မန်စီးတီးရဲ့ချန်ပီယံလိဂ်နိုင်ပွဲအပြီး ရီးရဲလ်မက်ဒရစ်က ဘာနေဗျူးမှာ လေးရက်အတွင်း ဒုတိယမြောက်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒီရလဒ်ပိုင်းကြောင့် နွေရာသီကာလ၊ လေဗာကူဆင်မှပြောင်းရွှေ့လာပြီးနောက် ရာထူးနေရာကာကွယ်နိုင်ရေးရုန်းကန်နေရတဲ့ နည်းပြအလွန်ဆိုအတွက် ဖိအားတွေ မြင့်တက်လာခဲ့ပါတယ်။

မန်စီးတီးနဲ့ပွဲစဉ်ရလဒ်ပိုင်းကြောင့် ရီးရဲလ်မက်ဒရစ်က ပြိုင်ပွဲစုံနောက်ဆုံးရှစ်ပွဲမှာ နှစ်ပွဲသာအနိုင်ရရှိတဲ့ မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဒီကာလအတွင်းမှာပဲ သူတို့တွေက လာလီဂါအမှတ်ပေးဇယားဦးဆောင်သူဘာစီလိုနာနဲ့ လေးမှတ်ကွာဟသွားသလို ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ရှုံးထွက်အဆင့်တိုက်ရိုက်တက်လှမ်းနိုင်ရေးအတွက်လည်း မျှော်လင့်ချက်ထိခိုက်သွားခဲ့ပါတယ်။

ဒီလိုညံ့ဖျင်းတဲ့စွမ်းဆောင်ရည်ပိုင်းကြောင့် အလွန်ဆိုရဲ့ရီးရဲလ်မက်ဒရစ်နည်းပြရာထူး တည်မြဲပါဦးမလားဆိုတဲ့ မေးခွန်းထုတ်မှုတွေ တိုးပွားလာခဲ့ပါတယ်။ ဒါပေမဲ့ The Athletic သတင်းဌာနမှ ဂွီလာမိုရီးစ်ရဲ့အဆိုအရ ကလပ်အသင်းအကြီးအကဲတွေအနေဖြင့် မန်စီးတီးကိုရှုံးနိမ့်ပြီးနောက် စိုးရိမ်ပူပန်မှုကို မဖော်ပြလာခဲ့ဘူးလို့ သိရပါတယ်။

ဒါကြောင့် အလွန်ဆိုက အလာဗက်စ်နဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကို နိုင်ပွဲလမ်းကြောင်းဆီ ပြန်ပို့ပေးရမယ့်အခွင့်အလမ်း သေချာပေါက်ရရှိပါလိမ့်မယ်။ ရီးရဲလ်မက်ဒရစ်က ၂၀၂၅ ခုနှစ်မကုန်ခင် တာလာဗီရာဒီလာရီနာနဲ့ ကိုပါဒယ်လ်ရေးဖလားပွဲစဉ်၊ ဆီဗီလာနဲ့ လာလီဂါပွဲစဉ်တို့ကို ယှဉ်ပြိုင်ကစားရပါမယ်။

ဒါပေမဲ့ ဆောင်းရာသီအားလပ်ရက်မတိုင်ခင် လာလီဂါချန်ပီယံပြေးလမ်းမှာ ဘာစီလိုနာနဲ့ အခုထက်ပိုပြီး အမှတ်ပြတ်လာမယ်ဆိုရင် အလွန်ဆိုရဲ့ရာထူးထုတ်ပယ်ခံရနိုင်ခြေ သိသိသာသာမြင့်တက်လာနိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ လောလောဆယ်တော့ ဖလော်ရင်တီနိုပီရက်ဇ်ရဲ့အတွေးထဲမှာ ဒီလိုစိတ်ကူးမျိုး မရှိသေးပါဘူး။