ပရိသတ်တွေကိုနှုတ်ဆက်ဖို့ တော့တင်ဟမ်သို့ပြန်လာမယ့် ဆွန်ဟောင်မင်
ပြီးခဲ့တဲ့နွေရာသီက တော့တင်ဟမ်မှထွက်ခွာပြီး အမေရိကန်ကလပ် လော့စ်အိန်ဂျလိစ်သို့ပြောင်းရွှေ့သွားခဲ့တဲ့ တောင်ပံကစားသမား ဆွန်ဟောင်မင်ဟာ လာမယ့်ဒီဇင်ဘာလ ၉ ရက်နေ့မှာ တော့တင်ဟမ်သို့အလည်အပတ်ပြန်လာပြီး ပရိသတ်တွေကိုနှုတ်ဆက်သွားမယ်လို့ အတည်ပြုလာခဲ့ပါတယ်။
တောင်ကိုရီးယားအသင်းခေါင်းဆောင်ဟာ မြောက်လန်ဒန်မှာ ၁၀ နှစ်ကြာနေထိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၄၅၄ ပွဲကစားကာ ၁၇၃ ဂိုးအထိသွင်းယူပေးခဲ့တာကြောင့် တော့တင်ဟမ်ရဲ့ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။
ယခုအခါမှာတော့ တော့တင်ဟမ်ရဲ့ထုတ်ပြန်ချက်အရ ဆွန်ဟောင်မင်ဟာ လာမယ့်ဒီဇင်ဘာ ၉ ရက်နေ့ ဆလားဗီးယားနဲ့ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းကိုလာရောက်အားပေးရင်း ပရိသတ်တွေကို နှုတ်ဆက်ဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။
တော့တင်ဟမ်ရဲ့တရားဝင်ဝက်ဘ်ဆိုက်မှတစ်ဆင့် "ဆွန်ဟောင်မင်ဟာ ကလပ်ကနေထွက်ခွာသွားခဲ့ပြီးနောက် ပထမဆုံးအကြိမ်အနေနဲ့ လာမယ့် ဒီဇင်ဘာလ ၉ ရက်နေ့ ဆလားဗီးယားပရာဟာနဲ့ယှဉ်ပြိုင်သွားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပရိသတ်တွေကိုနှုတ်ဆက်ဖို့အတွက် တော့တင်ဟမ်အားကစားကွင်းကို ပြန်လာမှာဖြစ်ပါတယ်"
"မေလက ဘီလ်ဘာအိုမှာ ယူရိုပါလိဂ်ဖလားကိုဆွတ်ခူးပေးခဲ့တဲ့ ကလပ်ဂန္ထဝင်ဟောင်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လက သူ့ရဲ့ဇာတိနိုင်ငံ တောင်ကိုရီးယားမှာကျင်းပခဲ့တဲ့ ဆိုးလ်အားကစားကွင်းမှာ အသင်းရဲ့ဂျာစီကိုနောက်ဆုံးအကြိမ်ဝတ်ဆင်ကစားပြီး တော့တင်ဟမ်ပရိသတ်တွေကို နှုတ်ဆက်ကြောင်းကြေညာခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အင်္ဂလန်ကပရိသတ်တွေကို နှုတ်ဆက်ဖို့အတွက် လန်ဒန်ကိုပြန်လာတော့မှာဖြစ်ပါတယ်" လို့ထုတ်ပြန်ကြေညာထားပါတယ်။
ဆွန်ဟာ တော့တင်ဟမ်ကို ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆုဖလားဆွတ်ခူးပေးနိုင်ခဲ့သူဖြစ်ပြီးပွတ်ရှ်ကတ်စ်ဆုကိုလည်းရရှိထားသူဖြစ်တာကြောင့် ပရိသတ်အချစ်တော်ကစားသမားတစ်ဦးအဖြစ် ရပ်တည်ထားနိုင်ခဲ့ပါတယ်။
တော့တင်ဟမ်ကိုပြန်လာမယ့်အကြောင်းနဲ့ပတ်သက်ပြီး ဆွန်က "ဒီနွေရာသီမှာ တော့တင်ဟမ်ကနေထွက်ခွာဖို့ ခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုကြေညာခဲ့တုန်းက ကိုရီးယားမှာပါ။ ဒါကြောင့် လန်ဒန်ကပရိသတ်တွေကို သေသေချာချာနှုတ်ဆက်ဖို့ အခွင့်အရေးမရခဲ့ပါဘူး"
"အခုတော့ ပရိသတ်တွေကိုနှုတ်ဆက်ဖို့အခွင့်အရေးရလာခဲ့လို့ အရမ်းဝမ်းသာပါတယ်။ လာမယ့်ဒီဇင်ဘာ ၉ ရက်နေ့မှာ ချန်ပီယံလိဂ်ပွဲစဉ်ကိုကြည့်ဖို့ လန်ဒန်ကိုပြန်လာခဲ့ပါမယ်။ တော့တင်ဟမ်မှာနေထိုင်ခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုနဲ့ ချစ်ခြင်းမေတ္တာတွေက ကျွန်တော်နဲ့ကျွန်တော့်မိသားစုအတွက် ဘယ်လောက်အထိအဓိပ္ပာယ်ရှိတယ်ဆို ကိုယ်တိုင်ပြောပြနိုင်မှာဖြစ်လို့ စိတ်လှုပ်ရှားနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။