The network connection is lost.

Banner Image

တော့တင်ဟမ်သို့ပြန်လာမယ်ဆိုတဲ့သတင်းတွေကို ဆွန်ဟောင်မင် ငြင်းဆန်

တော့တင်ဟမ်ဂန္ထဝင်တောင်ပံတိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းသို့ပြန်လည်ရောက်ရှိလာမယ်ဆိုတဲ့ သတင်းတွေဟာ အတုအယောင်တွေသာဖြစ်ကြောင်း အတည်ပြုပြောကြားလာခဲ့ပါတယ်။ ဆွန်ဟာ ၂၀၂၃ ခုနှစ်မှစတင်ပြီး တော့တင်ဟမ်ရဲ့အသင်းခေါင်းဆောင်ရာထူးကို စတင်ရရှိခဲ့ကာ ပရီးမီးယားလိဂ်မှာ အသင်းခေါင်းဆောင်လက်ပတ်ကိုဝတ်ဆင်ခွင့်ရတဲ့ ပထမဆုံးသော အာရှကစားသမားအဖြစ် မှတ်တမ်းဝင်ထားခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာတော့ တောင်ကိုရီးယားလက်ရွေးစင်ဟာ တော့တင်ဟမ်နဲ့အတူ ပထမဆုံးအကြိမ်အဖြစ် ယူရိုပါလိဂ်ဖလားကိုဆွတ်ခူးပြီးနောက် နွေရာသီမှာ အသင်းကိုနှုတ်ဆက်ထွက်ခွာခဲ့ပါတယ်။

ဆွန်ဟာ မြောက်လန်ဒန်မှာ ဆယ်စုနှစ်တစ်ခုခန့်ကြာနေထိုင်ခဲ့ပြီး ယခုအခါမှာ လော့စ်အိန်ဂျလိစ်သို့ပြောင်းရွှေ့ကစားနေတာဖြစ်ပေမယ့် တော့တင်ဟမ်ပရိသတ်တွေကတော့ ကစားသမားကို အသင်းဆီပြန်လာဖို့ မျှော်လင့်နေကြဆဲဖြစ်ပါတယ်။ မေဂျာလိဂ်ရာသီနားချိန်မှာ ဆွန်အနေနဲ့ တော့တင်ဟမ်သို့ အငှားစာချူပ်နဲ့ပြန်လည်ရောက်ရှိလာနိုင်ကြောင်း ကောလာဟလတွေလည်းထွက်ပေါ်ထားတာကြောင့် ပရိသတ်တွေရဲ့မျှော်လင့်ချက်တွေကို ပိုမိုကြီးထွားလာခဲ့ပါတယ်။ 

သို့သော်လည်း အယ်လ်အေအက်ဖ်စီကနေထွက်ခွာဖို့မရှိကြောင်းကို ဆွန်ကတော့ "ဆောင်းရာသီမှာ အသင်းပြောင်းမယ်လို့ ကျွန်တော်ဘယ်ကလပ်နဲ့မှ မပြောဖူးပါဘူး။ ဒီသတင်းတွေက အမှားတွေပါ။ ကျွန်တော့်အတွက်တော့ လက်ရှိကလပ်ကိုလေးစားမှုပြပြီး အခုရောက်နေတဲ့နေရာမှာ အရာအားလုံးကိုပေးဆပ်ဖို့က အရေးကြီးဆုံးပါပဲ"

"ဇန်နဝါရီအပြောင်းအရွှေ့မှာပဲဖြစ်ဖြစ် ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ်၊ ဒီအသင်းနဲ့စာချုပ်ရှိနေရင် ဘယ်ကိုမှပြောင်းရွှေ့ဖို့ ကြိုးစားမှာမဟုတ်ပါဘူး။ ကျွန်တော်ဒီအသင်းကိုလေးစားပြီး အငှားစာချုပ်နဲ့ထွက်ခွာဖို့တောင် စိတ်ကူးမှာမဟုတ်ပါဘူး။ ကောလာဟလတွေပြန့်သွားတဲ့အခါ ပရိသတ်တွေအတွက်တော့ ထင်ယောင်ထင်မှားတွေဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့် အဲဒီကောလာဟလတွေက အမှားတွေပါ။ ကျွန်တော်ဒီအသင်းကိုချစ်ပါတယ်။ ဒီမှာပဲဆက်နေသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

တောင်ကိုရီးယားအသင်းခေါင်းဆောင်ဟာ အယ်လ်အေအက်ဖ်စီသို့ပြောင်းရွှေ့လာခဲ့ပြီးနောက် ၃ လအတွင်း ၁၂ ပွဲကစားကာ ၁၀ ဂိုးအထိသွင်းယူထားသလို၊ ဂိုးဖန်တီးမှုလည်း ၃ ကြိမ်အထိပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။