ရီးရဲလ်မက်ဒရစ်ကိုအနိုင်ရခဲ့ပေမယ့် မန်စီးတီး ပိုကောင်းဖို့လိုအပ်နေသေးကြောင်းပြောကြားလာတဲ့ ဂွါဒီယိုလာ
ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ချက်စတာစီးတီးဟာ ရီးရဲလ်မက်ဒရစ်ကို ၁-၂ နဲ့အနိုင်ရခဲ့ပေမယ့် နည်းပြပက်ဂွါဒီယိုလာကတော့ အသင်းမှာတိုးတက်ဖို့လိုအပ်နေတဲ့အရာတွေရှိနေသေးကြောင်းနဲ့ အခုထက်ပိုကောင်းလာရမယ်လို့ ပြောကြားလာခဲ့ပါတယ်။
ဆန်တီယာဂိုဘာနေဗျူးအားကစားကွင်းကြီးထဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ ယခုပွဲစဉ်မှာ မန်စီးတီးဟာ ရီးရဲလ်မက်ဒရစ်ကိုနောက်ကနေလိုက်ကစားပြီး အနိုင်ရခဲ့တာကြောင့် ဖိအားတွေအောက်ရောက်နေတဲ့ ရီးရဲလ်နည်းပြ ဇာဘီအလွန်ဆိုအတွက် ပိုမိုဖိအားတွေတိုးစေခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့် မန်စီးတီးဟာ ချန်ပီယံလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာသို့တက်လှမ်းလာနိုင်ခဲ့ပြီး ရှုံးထွက် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်လှမ်းနိုင်ဖို့ ပိုမိုအခြေအနေကောင်းလာခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ချန်ပီယံလိဂ်ပွဲစဉ်မှာ လေဗာကူဆင်ကိုရှုံးနိမ့်ပြီး အမှတ်လျော့ခဲ့တဲ့မန်စီးတီးဟာ ယခုအခါမှာ ချန်ပီယံလိဂ်နိုင်ပွဲပြန်လည်ရရှိခဲ့ပေမယ့် ဂွါဒီယိုလာက အသင်းမှာလိုအပ်ချက်တွေရှိနေသေးကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
စပိန်သားနည်းပြက "ဒီနေရာမှာလာကစားရတာ ကျွန်တော်တို့အတွက်ကောင်းမွန်တဲ့အတွေ့အကြုံတွေရစေပါတယ်။ အနိုင်ရဖို့လိုအပ်တဲ့ဖိအားတွေရှိခဲ့ပြီး အနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့လို့ ဒီပွဲကအနာဂတ်အတွက် ကောင်းမွန်တဲ့သင်ခန်းစာဖြစ်စေမှာပါ။ ဒါပေမယ့် အသင်းရဲ့အဆင့်အတန်းက လုံလောက်မှုမရှိသေးပါဘူး။ ကစားသမားတွေ အများကြီးကြိုးစားခဲ့ကြပေမယ့် တိုးတက်ဖို့လိုနေပါသေးတယ်"
"လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ဒီနေရာကိုကျွန်တော်တို့ မကြာခဏရောက်ခဲ့ကြပါတယ်။ သူတို့နဲ့ မကြာခဏထိပ်တိုက်တွေ့ဆုံခဲ့ကြပါတယ်။ ကျွန်တော်တို့ အခုထက်ပိုကောင်းအောင်ကစားပြီး မနိုင်ခဲ့တဲ့ပွဲတွေလည်း ရှိခဲ့ပါတယ်။ ဒါကအမှန်တရားပါ။ ကျွန်တော်တို့ အခုချိန်အထိ နောက်တစ်ဆင့်အတွက်အဆင်သင့်မဖြစ်သေးပါဘူး။ အများကြီးလိုအပ်နေပါသေးတယ်။ ဖေဖော်ဝါရီမှာဒီထက်ပိုကောင်းလာဖို့လိုပါတယ်"
"ကျွန်တော်ပြောတာကို နားလည်မှုမလွဲစေချင်ပါဘူး။ ဘာနေဗျူးမှာအနိုင်ရတယ်ဆိုတာ အရမ်းကိုကြီးမားတဲ့အောင်ပွဲပါ။ ကြီးမားတဲ့စမ်းသပ်မှုဆိုလည်းမမှားပါဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ဆီမီးဖိုင်နယ်ကိုရောက်နိုင်တဲ့အဆင့်အတန်းမှာမရှိသေးပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ရှုံးပွဲဆက်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုကတော့ "ဒီပွဲက တော်တော်လေးခက်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးပုံစံနဲ့စတင်နိုင်ခဲ့ပြီး ရိုဒရီဂိုရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် အနိုင်ရလဒ်ကို မထိန်းသိမ်းနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ယုံကြည်မှုမဆုံးရှုံးခဲ့ဘဲ အာရုံစိုက်ပြီးကစားခဲ့ပါတယ်။ ကစားသမားတွေဒီပွဲမှာ နောက်ဆုံးချိန်အထိပေးဆပ်ခဲ့ကြပါတယ်။ သူတို့ကိုအပြစ်တင်စရာမရှိပါဘူး။ ဒီထက်ပိုကောင်းအောင်ဆက်လုပ်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။