The network connection is lost.

Banner Image

အသင်းဖော်ဟောင်းနဲ့ ပြန်လည်ဆုံဆည်းခွင့်ရမယ့်အပေါ် စိတ်လှုပ်ရှားနေတဲ့ လိုရစ်

တော့တင်ဟမ်စတားဟောင်း လိုရစ်တစ်ယောက် LAFC အသင်းထံ အသင်းဖော်ဟောင်း ဆွန်ဟောင်မင်ပြောင်းရွှေ့လာမယ့်အပေါ် စိတ်လှုပ်ရှားနေပါတယ်။

တော့တင်ဟမ်မှာ ၁၀ နှစ်ကြာကစားခဲ့ပြီးနောက် ဆွန်ဟာ အခုအပတ်အစောပိုင်းတုန်းက LAFC အသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားသားအနေနဲ့  မေဂျာလိဂ်မှာ အသင်းဖော်ဟောင်း လိုရစ်နဲ့ ပြန်လည်ပေါင်းဆုံရမှာဖြစ်ပြီး ၂ ဦးသား ယခင်တုန်းက တော့တင်ဟမ်မှာ ၈ နှစ်ကြာအတူတူဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ ပြင်သစ်သားဟောင်းကတော့ အသက် ၃၃ နှစ်သားဆီကနေ ကြီးမားတဲ့အကျိုးပြုမှုရရှိမယ်လို့ မျှော်လင့်နေပါတယ်။ 

“အခုလိုနောက်တစ်ကြိမ်အတူတူပြန်ဆုံခွင့်ရတာက တကယ့်အံ့ဖွယ်ပါ။ မတူညီတဲ့ဂျာစီအသစ်နဲ့အတူ စိန်ခေါ်မှုအသစ်ရင်ဆိုင်ရမှာပါ။ ဒါပေမယ့် တူညီတဲ့ဦးတည်ချက် ၊ စိတ်အားထက်သန်မှုရှိပါတယ်။

သူက ကြီးမားတဲ့ပြိုင်ဆိုင်လိုစိတ်ရှိတဲ့သူပါ။ တော့တင်ဟမ်မှာလည်း လွန်ခဲ့တဲ့ ၂ နှစ်ကို အသင်းခေါင်းဆောင်တာဝန်ယူခဲ့တာပါ။ နိုင်ငံအသင်းမှာလည်း သူက အသင်းခေါင်းဆောင်ပါ။
တော့တင်ဟမ်မှာ ၁၀ နှစ်ကြာဖြတ်သန်းခဲ့သလို အရာအားလုံး သူလုပ်နိုင်သမျှလုပ်ဆောင်ပေးခဲ့ပါတယ်။ မနှစ်ကလည်း ယူရိုပါလိဂ်ဖလားရယူနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာလည်း သူအောင်မြင်မှုအများကြီးယူနိုင်ခဲ့ပါတယ်။

တစ်ကမ္ဘာလုံးက သူ့ကိုလေးစားကြသလို အခုဆိုရင် သူ့အနေနဲ့ ကစားသမားဘဝအသစ် ၊ ပစ်မှတ်အသစ်တွေကို စတင်ရတော့မှာပါ။ မေဂျာလိဂ်မှာ သူ့ကိုမြင်ချင်နေပါပြီ။ အသင်းထံသူရောက်လာတာက လိဂ်အတွက်ကော ၊ မြို့အတွက်ကော အရမ်းကောင်းပါတယ်။ သူ့ဆီကနေ သင်ယူစရာတွေရှိနေနိုင်ပါတယ်။ အသင်းအတွက်လည်း အများကြီးအကျိုးပြုနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ လိုရစ်က ဖြေကြားခဲ့ပါတယ်။

ဆွန်ဟာ တော့တင်ဟမ်နဲ့အတူ ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့ပြီးနောက် ထွက်ခွာလာခဲ့တာဖြစ်ပြီး LAFC နဲ့အတူ ဆုဖလားတွေရယူချင်တယ်လို့ ပြောကြားလိုက်ပါတယ်။ လက်ရှိမှာ LAFC အသင်းအနေနဲ့ မေဂျာလိဂ်ရဲ့အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ဒီရာသီဆုဖလားအောင်မြင်ချင်တယ်ဆိုရင် ပိုကောင်းတဲ့စွမ်းဆောင်ရည်လိုအပ်နေတာဖြစ်ပါတယ်။

ဆွန်ဟာ မကြာခင်မှာအသင်းနဲ့ပူးပေါင်းမှာဖြစ်ပြီး လာမယ့်စနေနေ့ ချီကာဂိုဖိုင်းယားနဲ့ပွဲမှာ တက်ရောက်ဖွယ်ရှိနေကာ အခုအပတ်မေဂျာလိဂ်ပွဲမှာ ပွဲဦးထွက်ပါဝင်ကစားဖွယ်ရှိနေပါတယ်။
တကယ်လို့ အခုအပတ်မပါဝင်နိုင်ခဲ့ရင် နောက်တစ်ပတ် နယူးအင်္ဂလန်နဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။