The network connection is lost.

Banner Image

ဆလားဗီးယားကိုအနိုင်ရပြီးနောက် အသင်းရဲ့လက်ရှိပုံစံကို ဆက်ထိန်းသွားရမယ်လို့ ဗီကာရီယိုပြော

ဗုဒ္ဓဟူးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဆလားဗီးယားပရာဂူးကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရပြီးနောက် တော့တင်ဟမ်ဂိုးသမား ဗီကာရီယိုက အသင်းအနေနဲ့ လက်ရှိတည်ငြိမ်နေတဲ့ပုံစံကို ဆက်လက်ထိန်းသိမ်းဖို့နဲ့ အမှားအယွင်းတွေကနေ သင်ခန်းစာယူဖို့ တိုက်တွန်းပြောကြားလာခဲ့ပါတယ်။

ယခုပွဲစဉ်မှာတော့တင်ဟမ်ဟာ ဒုတိယပိုင်းမှာ ၂ ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဗီကာရီယိုကလည်း အသင်းရဲ့ဒုတိယပိုင်းကစားပုံဟာ ပိုမိုတည်ငြိမ်မှုရှိတယ်လို့ ခံစားခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။  ပွဲအပြီးမှာ ဗီကာရီယိုက "ဒီပွဲမတိုင်ခင် ၂ ရက်အလိုက ကျွန်တော်တို့ဘာလုပ်နိုင်လဲဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ မိနစ် ၆၀ လောက်အထိအသင်းရဲ့ကစားပုံက အရမ်းကောင်းခဲ့ပေမယ့် မိနစ် ၉၀ အတွင်းမှာဆိုရင်တော့ တည်ငြိမ်မှု လိုအပ်နေသေးတယ်လို့ထင်ပါတယ်"

"ကျွန်တော်တို့ ဒီထက်ပိုပြီတည်ငြိမ်ခဲ့မယ်ဆိုရင် ရလဒ်ကအခုထက်ပိုကောင်းလာနိုင်ပါတယ်။ ဒီလိဂ်မှာ ဂိုးကွာခြားချက်ကအရမ်းအရေးကြီးတော့ ဂိုးများများရဖို့နဲ့ ဂိုးမပေးရဖို့ကြိုးစားရမှာပါ။ ကျွန်တော်တို့ ထိပ်ဆုံး ၈ သင်းနေရာနဲ့ နောက်တစ်ဆင့်တက်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်"

"ဒီပွဲမှာ ပြိုင်ဘက်က ဂိုးဧရိယာအပြင်ကနေ ကန်သွင်းမှုတချို့ပြုလုပ်ခဲ့ပါတယ်။ တိုက်စစ်ဆင်မှုတွေလည်း ပြုလုပ်ခဲ့ကြပြီး ကျွန်တော်တို့ရဲ့အမှားတွေကနေ ဂိုးသွင်းနိုင်ဖို့ကြိုးစားကြပါတယ်။ ကျွန်တော်တို့ အမှားလုပ်တဲ့အခါမှာ ခံစစ်ကပွင့်သွားလို့ ဂိုးပေးရဖို့နီးစပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျွန်တော်တို့ အနိုင် ၃ မှတ်ကိုအပြည့်အဝယူနိုင်ခဲ့ပါတယ်။ နောက်ထပ် ၂ ပွဲကစားရဖို့ကျန်နေသေးပြီး ဒေါ့မွန်နဲ့ပွဲက ကျွန်တော်တို့အတွက် အခက်အခဲဖြစ်လာနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

တော့တင်ဟမ်က နိုင်ပွဲဆက်ဖို့အရှိန်အဟုန်ရနေပြီလားဆိုတဲ့မေးခွန်းကို ဗီကာရီယိုက "ဖြစ်နိုင်ပါတယ်။ ကျွန်တော်ကတော့ အဲဒီလိုပဲမျှော်လင့်ပါတယ်။ အသင်းက ၃ ရက်တစ်ပွဲကစားနေရလို့ အပြောင်းအလဲတွေကတော့ ရှိနေမှာပါ။ ဒါပေမယ့် လက်ရှိတည်ငြိမ်မှုနဲ့ အရှိန်အဟုန်ကို ဆက်ထိန်းသွားရပါမယ်။ အခြေအနေတွေဆိုးလာတဲ့အခါမှာလည်း ဟန်ချက်ညီနေဖို့လိုပါတယ်။ ရလဒ်ကောင်းတွေရလာရင် အပျော်လွန်တတ်ကြလို့ ကျွန်တော်တို့အနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ အာရုံစိုက်ပြီး အကောင်းဆုံးလုပ်သွားရပါမယ်" လို့ဖြေကြားခဲ့ပါတယ်။