The network connection is lost.

Banner Image

ရလဒ်ဆိုးနေတဲ့ အန်ဂီ ပိုစတီကိုဂ်လူရဲ့ နေရာကို အစားထိုးဖို့ ရှာဖွေနေတဲ့ နော်တင်ဟမ်ဖောရက်စ်

နော်တင်ဟမ်ဖောရက်စ်ကို ဥရောပပြိုင်ပွဲဝင်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့ပေမဲ့ ဒီရာသီအသစ် စပြီး သုံးပွဲအကြာမှာပဲ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ နူနို အက်စ်ပီရီတို ဆန်တို ရဲ့ နေရာမှာ ပိုစတီကိုဂ်လူ ကို ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလက ယူရိုပါလိဂ် ဆုဖလား ရယူပြီး တော့တင်ဟမ်ကနေ လမ်းခွဲခဲ့တဲ့ ဩစတြေးလျ နည်းပြဟာ စီးတီး ဂရောင်း ကို ရောက်ရှိပြီးနောက် ခုနစ်ပွဲ ကစားရတဲ့အထိ တစ်ပွဲမှ အနိုင်မရသေးပါဘူး။

ပြီးခဲ့တဲ့ရာသီ အဆင့် ၇ နေရာ ရရှိခဲ့တဲ့ ဖောရက်စ်ဟာ ဒီရာသီအစ ပထမဆုံးပွဲကတည်းက အနိုင်မရသေးဘဲ အဆင့် ၁၇ ကို ကျဆင်းသွားပြီး တန်းဆင်းဇုန်ရဲ့ အပေါ် တစ်နေရာမှာပဲ ရပ်တည်နေပါတယ်။ ပိုစတီကိုဂ်လူရဲ့ အနာဂတ်ဟာ ကလပ်အသင်းမှာ ပိုမို မရေမရာ ဖြစ်လာနေပြီး The Daily Telegraph သတင်းစာရဲ့ ဖော်ပြချက်အရ ဖောရက်စ်တို့ဟာ ပြောင်းလဲမှု ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ရင် နည်းပြ ရှောင် ဒိုက်ချ် ကို ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သိရပါတယ်။

နော်တင်ဟမ်ဒေသမှာ နေထိုင်တဲ့ ရှောင်ဒိုက်ချ်ဟာ အဲဗာတန် မှာ နည်းပြအဖြစ် နောက်ဆုံး အလုပ်လုပ်ခဲ့ပြီး လက်ရှိမှာတော့ ကလပ်အသင်းမဲ့နေပါတယ်။ ဖူလ်ဟမ် နည်းပြ မာကို ဆေးလ်ဗား ဟာလည်း ပိုင်ရှင် မာရီနာကစ် နှစ်သက်တဲ့ နောက်ထပ် ရွေးချယ်စရာ တစ်ဦး ဖြစ်ပေမဲ့ သူ့ကို ခရာဗင် ကော့တေ့ချ် ကနေ ထွက်ခွာဖို့ ဆွဲဆောင်နိုင်ရင်တောင် ဖောရက်စ်တို့ဟာ လျော်ကြေး အများအပြား ပေးရဖွယ် ရှိနေပါတယ်။

စတိဗ် ကူးပါး ဟာလည်း စီးတီး ဂရောင်းကို ပြန်လာဖို့ နောက်ထပ် ရွေးချယ်စရာ တစ်ဦး ဖြစ်ပေမဲ့ မကြာသေးခင်ကမှ ဒိန်းမတ်ကလပ် ဘရွန်းဘီမှာ ရာထူးအသစ် ရရှိထားပါတယ်။ ဒီရာသီ ဥရောပပြိုင်ပွဲတွေမှာလည်း ဖောရက်စ်တို့ အနိုင်မရသေးပါဘူး။ ရီးရဲလ် ဘက်တစ် အဝေးကွင်းမှာ သရေရခဲ့ပြီးနောက် အိမ်ကွင်းမှာ မစ်ဒ်ဂျေးလန်  ကို ရှုံးနိမ့်ခဲ့တာကြောင့် ရရှိထားတဲ့ ကောင်းမွန်တဲ့ ရလဒ်တွေ ပျက်စီးသွားခဲ့ပါတယ်။

ရှုံးပွဲအပြီးမှာ ပိုစတီကိုဂ်လူကို ဖောရက်စ် ပရိသတ်တွေက 'မနက်ဖြန် အထုတ်ခံရမယ်' ဆိုတဲ့ သီချင်းသံတွေနဲ့အတူ လှောင်ပြောင် အော်ဟစ်ခဲ့ကြပါတယ်။နိုင်ငံတကာပွဲတွေ မကစားခင် နယူးကာဆယ် အဝေးကွင်း ရှုံးပွဲက ဆဲလ်တစ် နည်းပြဟောင်းအပေါ် ဖိအားတွေ ပိုတိုးလာစေခဲ့ပြီး လာမယ့် စနေနေ့မှာ ချယ်လ်ဆီးနဲ့ပွဲ အနိုင်ရမှသာ သူ့ရဲ့ ရာထူးကို ကယ်တင်နိုင်ဖွယ် ရှိနေပါတယ်။

"ကြည့်ပါ၊ ကျွန်တော် ရောက်လာတာ သုံးပတ်ခွဲ ရှိပါပြီ၊ အခုအချိန်အထိ အရာရာတိုင်းက လူတိုင်း လိုချင်တဲ့အတိုင်း ဖြစ်မလာသေးဘူး" "ဒါပေမဲ့ ဒါက ကျွန်တော့်ကို လုံးဝ စိတ်ဓာတ်မကျစေပါဘူး။ ဒီရာထူးကို ရယူဖို့ ပထမဆုံး အခွင့်အရေး ရတုန်းက ကျွန်တော် ယုံကြည်ခဲ့တဲ့အရာကို အခုချိန်ထိ ယုံကြည်နေတုန်းပါပဲ"

"ကျွန်တော်တို့ ကြီးမားတဲ့ အရာတွေကို လုပ်ဆောင်ဖို့ အခွင့်အရေး ကောင်းကောင်း ရှိနေတုန်းပါပဲ။ နိုင်ငံတကာပွဲ နားချိန်မှာ ကစားသမားတချို့နဲ့အတူ အခု နှစ်ပတ်လောက် လေ့ကျင့်မှု လုပ်ရမယ်။ ပြီးရင်တော့ ကံကြမ္မာကို ပြောင်းလဲပစ်ရပါမယ်" လို့ ပိုစတီကိုဂ်လူက နယူးကာဆယ်ကို ရှုံးနိမ့်ပြီးနောက် ပြောကြားခဲ့ပါတယ်။