The network connection is lost.

Banner Image

အမှားလုပ်ခဲ့တဲ့ အိုနာနာကို အပြစ်တင်ဖို့ ငြင်းဆန်လိုက်တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ဘိုင်ယန်မြူးနစ်နဲ့ ပွဲစဉ်မှာ ၄-၃ နဲ့ ရှုံးနိမ့်ခဲ့သော်လည်း အမှားလုပ်ခဲ့တဲ့ အသင်းရဲ့ဂိုးသမား အိုနာနာကို အပြစ်တင်ဖို့ငြင်းဆန်ခဲ့ပြီး ယူနိုက်တက်ကစားသမားတွေ အနေနဲ့ ဒီရှုံးပွဲကနေ အကောင်းဆုံးပြန်လာနိုင်ဖို့ လိုအပ်တယ်လို့ပြောကြားခဲ့ပါတယ်။
 
ပွဲကစားချိန် ၂၈ မိနစ်မှာ တောင်ပံကစားသမား လီရွိုင်ဆာနေးရဲ့ အားမပါလှတဲ့ ကန်ချက်ကို ယူနိုက်တက်ဂိုးသမား အိုနာနာကာကွယ်ဖို့ကြိုးစားခဲ့ရာမှာ ဟန်ချက်ပျက်နေခဲ့တာကြောင့် ဘိုင်ယန်တို့ ဦးဆောင်ဂိုး ရှိသွားခဲ့ပြီး ၄ မိနစ်အကြာမှာပဲ ဂျီနာဘရီက နောက်ထပ်ဦးဆောင်ဂိုးထပ်သွင်းခဲ့လို့ ပထမပိုင်းမှာ ဂျာမန်ကလပ်က ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
 
ဒုတိယပိုင်းအစမှာတော့ မားကက်ရက်ရှ်ဖို့ဒ်ရဲ့ ပေးပို့မှုမှတစ်ဆင့် တိုက်စစ်မှူးသစ်ဟွိုက်လန်းက ယူနိုက်တက် ကစားသမားဘဝ ပထမဆုံးဂိုးအဖြစ် ချေပဂိုး တစ်ဂိုး သွင်းယူပေးခဲ့သော်လည်း ဟယ်ရီကိန်းရဲ့ ပင်နယ်တီသွင်းဂိုး အပါအဝင်ပွဲအပြီးမှာတော့ ဘိုင်ယန်မြူးနစ်က ၄-၃ နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အတွက် နောက်ထပ်ချေပဂိုး ၂ ဂိုးကိုတော့ ချန်ပီယံလိဂ်အတွေ့အကြုံရင့်ကစားသမား ကတ်စမဲရိုးက သွင်းယူပေးခဲ့ပါတယ်။
 
ယခုရှုံးပွဲဟာ ယူနိုက်တက်အတွက် သုံးပွဲဆက်ရှုံးပွဲဖြစ်လာပြီး နည်းပြ အဲရစ်တန်ဟက်က ယူနိုက်တက်အနေနဲ့ ဂျာမနီမြေမှာ အနည်းဆုံး ၁ မှတ်ရရှိအောင် စွမ်းဆောင်နိုင်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ ၎င်းက “ ရလဒ်အတွက် စိတ်ပျက်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘိုင်ယန်မြူးနစ်ကို ၃ ဂိုးအထိသွင်းနိုင်ရင် ရမှတ် ၁ မှတ်လောက်တော့ ရရှိသင့်ပါတယ်။ အခုတလော ကျွန်တော်တို့နဲ့ ဆန့်ကျင်ဘက်ရလဒ်တွေ ဆက်တိုက်ကြုံနေရပါတယ်။ ကျွန်တော်တို့ရဲ့ ကောင်းမွန်တဲ့ ကံကြမ္မာကို ကိုယ့်ဘာသာပဲဖန်တီးရပါမယ်။ နောက်ဆုံး ၃ ပွဲမှာ ကျွန်တော်တို့က အသင်းကောင်းတွေနဲ့ ကစားခဲ့ရတာပါ”လို့ ပြောကြားခဲ့ပါတယ်။
 
အသင်းရဲ့ဂိုးသမား အိုနာနာက ယခုရှုံးပွဲဟာ သူ့ကြောင့်ဖြစ်တယ်လို့ ဝန်ခံခဲ့သော်လည်း တန်ဟက်ကမူ ရှုံးနိမ့်မှုရဲ့ အကြောင်းပြချက်က ကင်မရွန်းလက်ရွေးစင်ဂိုးသမား တစ်ယောက်တည်းရဲ့ရဲ့ ပခုံးပေါ်မှာ ရှိမနေကြောင်းကို “သူ ဒီလိုပြောတာတော့ ကောင်းပါတယ်။ ဒါပေမယ့် ဒီရှုံးပွဲက တစ်သင်းလုံးနဲ့ သက်ဆိုင်ပါတယ်။ အမှားတွေကတော့ လုပ်မိမှာပဲဆိုပေမယ့် အမှားကနေ ပြန်လည်ရုန်းထွက်နိုင်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကစားသမားတစ်ဦး အမှားလုပ်မိတယ်ဆိုရင် အဲဒီအမှားကို ပြန်အစဖော်စရာမလိုပါဘူး။ အဲဒါက ပြီးသွားခဲ့ပါပြီ။ ကျွန်တော်တို့အသင်းက အကောင်းဆုံးပြန်လာနိုင်တဲ့ အသင်းဖြစ်တယ်ဆိုတာ ယုံကြည်ချက်ရှိရပါမယ်။ ဒီပွဲမှာ ကျွန်တော်တို့ သက်သေပြနိုင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
 
လာမယ့်စနေနေ့မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရှုံးပွဲဆက်နေမှုကို ရပ်တန့်သွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။