ဖာနန်ဒက်စ်ကို အသင်းမှထွက်ခွာခွင့်ပြုမှာမဟုတ်တဲ့ ယူနိုက်တက်
ယူနိုက်တက် တာဝန်ရှိသူတွေက အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို ဒီနွေရာသီမှာ အသင်းကနေ မထွက်ခွာစေချင်ဘူးလို့ အလေးအနက် ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကတော့ အဲဒီကွင်းလယ်လူကို ရောင်းထုတ်ဖို့ ဆန္ဒရှိခဲ့ကြတာကြောင့် ဖာနန်ဒက်စ်အနေနဲ့ စိတ်ထိခိုက်ပြီး အစော်ကားခံရသလို ခံစားခဲ့ရပေမဲ့ အခုတော့ ယူနိုက်တက်ဒါရိုက်တာတွေက သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ၁၈၀ ဒီဂရီ ပြောင်းလဲလိုက်ပြီ ဖြစ်ပါတယ်။
The Sun သတင်းစာရဲ့ အဆိုအရ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အသင်းစီမံခန့်ခွဲသူတွေက သူ့ကို အသင်းမှာ ဆက်ထိန်းထားဖို့ အသည်းအသန် ကြိုးစားနေကြတယ်လို့ သိရပါတယ်။
ဖာနန်ဒက်စ်ရဲ့ စာချုပ်ထဲမှာ ယူရို ၆၅ သန်းတန် စာချုပ်ဖျက်သိမ်းကြေး (buyout clause) ပါဝင်နေပြီး ပြည်ပကလပ်အသင်းတွေအနေနဲ့ ဒီပမာဏပေးရင် ခေါ်ယူခွင့်ရှိနေပါတယ်။
ဒါပေမဲ့ အခုအခါမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခြေအနေ နီးစပ်နေပြီဖြစ်လို့ ဖာနန်ဒက်စ်အနေနဲ့ အသင်းက ထွက်ခွာမယ့်အစီအစဉ်ကို ရပ်ဆိုင်းလိမ့်မယ်လို့ ယူနိုက်တက်ဘက်က ယုံကြည်နေပါတယ်။ ဖာနန်ဒက်စ်ရဲ့ စာချုပ်သက်တမ်းက ၂၀၂၇ ခုနှစ်အထိ ရှိနေပြီး ယူနိုက်တက်ဘက်က နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့်ကိုလည်း ဆုပ်ကိုင်ထားပါသေးတယ်။