The network connection is lost.

Banner Image

အိုနာနာတစ်ယောက် ယူနိုက်တက်မှာ ဘာကြောင့်ကျရှုံးခဲ့သလဲရှင်းပြလာတဲ့ ဗန်ဒါဆား

ယူနိုက်တက်ဂိုးသမားဟောင်း အက်ဒဝင်ဗန်ဒါဆားက အန်ဒရေအိုနာနာရဲ့ အသင်းမှာ ဖြတ်သန်းခဲ့တဲ့ အချိန်တွေအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။

ဒီလအတွင်း ဖီနာဘာချီနဲ့ပွဲမှာ စွမ်းဆောင်ရည်ဆိုးရွားခဲ့တာကြောင့် ကင်မရွန်းလက်ရွေးစင်ဂိုးသမားဟာ ထရက်ဇွန်စပေါ်အသင်းမှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး တူရကီကလပ်ဆီ အပြီးသတ်ပြောင်းရွှေ့ဖို့ အစီအစဉ်ကလည်း ပျက်ပြားမယ့်အခြေအနေကို ရောက်နေပါတယ်။ အိုနာနာဟာ မန်ယူမှာတုန်းကလည်း မကြာခဏဆိုသလို အမှားတွေလုပ်ခဲ့ပြီး ဂိုးတွေအများကြီး ပေးခဲ့ရတာကြောင့် အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံး ကစားသမားတစ်ဦးအဖြစ်တောင် သတ်မှတ်ခံခဲ့ရတာပါ။

လက်ရှိ တူရကီမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အသက် ၂၉ နှစ်အရွယ် အိုနာနာကို ဂန္ထဝင်ဂိုးသမား ဗန်ဒါဆားက ဒီအပတ်ထဲမှာ ခုခံကာကွယ် ပြောဆိုပေးခဲ့ပါတယ်။ အိုနာနာရဲ့ ကျရှုံးမှုဟာ အသင်းရဲ့ အခြေအနေကြောင့်ဖြစ်တယ်လို့ သူက အပြစ်တင်ပြောကြားခဲ့တာပါ။

“သူ့မှာ တုန့်ပြန်မှုကောင်းတာတွေ၊ ခြေထောက်အသုံးချတာတွေလိုမျိုး ထူးကဲတဲ့ အရည်အချင်းတွေရှိတယ်လို့ ကျွန်တော် အရင်ကရော အခုအထိပါ ယုံကြည်နေတုန်းပါ။ ဒါပေမဲ့ တစ်ခါတလေကျရင် သူက 'ဒါမျိုးက တကယ့်ကို မယုံနိုင်စရာပဲ၊ သူ ဘယ်လိုများ လုပ်လိုက်တာလဲ' လို့ ထင်ရလောက်တဲ့ အမှားအယွင်းမျိုးတွေကို လုပ်တတ်တယ်” လို့ ဗန်ဒါဆားက ဆိုပါတယ်။

“အသင်းတစ်သင်းမှာ တည်ငြိမ်မှုရှိဖို့ လိုပါတယ်။ နောက်တန်းလူလေးယောက်က သူတို့ဂိုးသမား ဘာလုပ်နေလဲဆိုတာကို သိနေမှ စိတ်ချလက်ချ ကစားနိုင်မှာပါ။ အိုနာနာနဲ့ ပတ်သက်ရင်တော့ အဲ့ဒီလို တည်ငြိမ်မှုအပိုင်းမှာ ပြဿနာရှိခဲ့တာလို့ ထင်ပါတယ်”

“မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ၆ နှစ်၊ ၇ နှစ်လောက်ကတည်းက တည်ငြိမ်မှု မရှိခဲ့ပါဘူး။ နောက်တန်း၊ ဗဟိုခံစစ်နဲ့ ကွင်းလယ်လူတွေရော၊ နည်းပြတွေပါ ခဏခဏ ပြောင်းလဲနေခဲ့တာပါ။ ဒါကြောင့် ဂိုးသမားတင်မကဘဲ တောင်ပံကစားသမားတွေ ဒါမှမဟုတ် ကွင်းလယ်လူတွေလိုမျိုး ကစားသမားသစ်တွေအနေနဲ့ မျှော်လင့်ချက်တွေ အရမ်းမြင့်မားတဲ့ ပတ်ဝန်းကျင်တစ်ခုထဲ ရောက်လာတဲ့အခါ အသားကျဖို့ ခက်ခဲတာပါ”

“ပြီးခဲ့တဲ့ ၈ နှစ်၊ ၉ နှစ်အတွင်း အသင်းကို ရောက်လာခဲ့တဲ့ ကစားသမား အများအပြားဟာလည်း ပရိသတ်တွေ မျှော်လင့်ထားသလောက် ခြေစွမ်းမျိုး မပြသနိုင်ခဲ့ကြပါဘူး” လို့ ဗန်ဒါဆားက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

အိုနာနာဟာ အခုရာသီမှာ ထရက်ဇွန်စပေါ်အသင်းအတွက် ၂၁ ပွဲ ကစားပေးထားပေမဲ့ ပေးဂိုးမရှိပွဲ ၄ ပွဲသာ ရရှိထားတာကြောင့် အေဂျက်ဇ်အသင်းရဲ့ ကြယ်ပွင့်ဟောင်းကို ခုခံကာကွယ်ပေးဖို့ ပိုပြီးတော့ ခက်ခဲလာခဲ့ပါတယ်။