ဒီဂျောင်ကိုခေါ်ယူပြီး ယူနိုက်တက်ရဲ့ကွင်းလယ်ကို အင်အားမြှင့်တင်သင့်တယ်လို့ စတမ်း အကြုံပြု
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်း ဂျက်ပ်စတမ်းက အသင်းအနေနဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်း ဘာစီလိုနာကွင်းလယ်ကြယ်ပွင့် ဖရန်ကီဒီဂျောင်ကို ခေါ်ယူသင့်ကြောင်း အကြံပေးပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် အဓိကကြိုးပမ်းနေပြီး ပရီးမီးယားလိဂ်ကြယ်ပွင့်တွေဖြစ်တဲ့ အဒမ်ဝှာတန်နဲ့ အဲလီးယော့အန်ဒါဆန်တို့လို ကစားသမားတွေကို မျက်စိကျနေပေမယ့် စတမ်းကတော့ လာလီဂါကြယ်ပွင့် ဒီဂျောင်ကိုသာ အကြံပေးလာခဲ့တာဖြစ်ပါတယ်။
စတမ်းက "ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်ချက်စတာယူနိုက်တက်အတွက် ကျွန်တော် အလိုချင်ဆုံးကစားသမားကတော့ ဘာစီလိုနာက ဖရန်ကီဒီဂျောင် ပါပဲ။ ယူနိုက်တက်အနေနဲ့ သူတို့ရဲ့ ကစားဟန်ကို ပိုကောင်းအောင် လုပ်ပေးနိုင်မယ့် ကစားသမားမျိုးကို အမြဲတမ်း ရှာဖွေနေသင့်ပါတယ်။ ဖရန်ကီဟာ အဲရစ် တန်ဟတ် လက်ထက်ကတည်းက အသင်းရဲ့ အလိုရှိဆုံး ကစားသမားစာရင်းမှာ ပါဝင်ခဲ့သူပါ"
"ဖရန်ကီဒီဂျောင် အေဂျက်စ်လူငယ်အသင်းမှာ ရှိစဉ်ကတည်းက ကျွန်တော် သူနဲ့ အတူတူ အလုပ်လုပ်ခဲ့ဖူးပါတယ်။ သူဟာ အသင်းတစ်သင်းရဲ့ ကစားကွက်ကို တကယ်ပဲ ပိုကောင်းအောင် လုပ်ပေးနိုင်တဲ့သူပါ။ သူဟာ ဘောလုံးကိုတည်တည်ငြိမ်ငြိမ် ကိုင်ထားနိုင်ပြီး ကွင်းအနှံ့ ပြေးလွှားနိုင်တဲ့ ခြေစွမ်းမျိုးရှိပါတယ်။ ဖန်တီးမှုအားကောင်းသလို လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ ပေးပို့မှုမျိုးကို ပြုလုပ်နိုင်ပါတယ်။ ဒါဟာ လက်ရှိယူနိုက်တက်အတွက် အလိုအပ်ဆုံးအရာပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ဒီဂျောင်ဟာ ဘာစီလိုနာအသင်းမှာ တာဝန်ယူမှုအပြည့်နဲ့ ကစားတတ်သူဖြစ်ပြီး သူ့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့လည်း ချီးကျူးမှုတွေ အများအပြားရရှိထားသူဖြစ်ပါတယ်။ ဒီဂျောင်နဲ့ပတ်သက်ပြီး သူ့ရဲ့အသင်းဖော်ဟောင်း ဆင်မြူရယ်အမ်တီတီက "သူ့ကို ကွင်းလယ်ခံစစ်မှာပဲ ထားထား၊ နံပါတ် ၈ နေရာမှာပဲထားထား အရေးကြီးတာက သူ့ကိုဘယ်အသုံးရမလဲဆိုတာ သိဖို့ပါပဲ။ လေ့ကျင့်ရေးကွင်းမှာ သူ့ခြေစွမ်းကိုမြင်ရတဲ့အခါ အတော်လေးအံ့အားသင့်လောက်အောင်ကောင်းလွန်းပါတယ်။ ကျွန်တော်နဲ့အတူတူကစားခဲ့ဖူးတဲ့ အကောင်းဆုံးကွင်းလယ်လူတွေထဲမှာ ဒီဂျောင်လည်းပါပါတယ်" လို့ချီးကျူးပြောဆိုထားပါတယ်။