ယူနိုက်တက်ကနေ ထွက်ခွာတော့မယ့် ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့ အလားအလာမရှိကြောင်းပြောကြားလာတဲ့ ကတ်စ်မဲရိုး
ကတ်စ်မဲရိုးက ဒီရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ မျှော်လင့်ထားတယ်လို့ ဝန်ခံပြောကြားခဲ့တာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ကလပ်အသင်းနဲ့ ကစားသမားကြား လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြပေမဲ့ ကတ်စ်မဲရိုးရဲ့ လက်ရှိခြေစွမ်းကြောင့် အဲဒီဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။
ဒါပေမဲ့ အခုအပတ်အတွင်း ပြင်သစ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဘရာဇီးအသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့ပြီးနောက်မှာတော့ သူက "ကျွန်တော် မန်ချက်စတာမှာ ရှိနေရတာကို အများကြီး ပျော်ရွှင်နေဆဲပါ" လို့ The Athletic ကို ပြောခဲ့ပါတယ်။ "ကြေညာချက်ကတော့ ထွက်ပြီးသွားပြီလို့ ကျွန်တော် ထင်ပါတယ်။ ပရိသတ်တွေ ကျွန်တော့်အပေါ် ပြသခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေက တကယ်ကို ကြီးမားလှပါတယ်" လို့ ဆိုပါတယ်။
"ဒါပေမဲ့ ဆုံးဖြတ်ချက်ကတော့ အပြီးသတ် ချမှတ်ပြီးသားလို့ပဲ ကျွန်တော် တကယ်ယုံကြည်ပါတယ်။ အခုအချိန်မှာ ကျွန်တော် ပျော်ပျော်ရွှင်ရွှင် ကစားနေပါတယ်။ ယူနိုက်တက်မှာ ကစားရမယ့် နောက်ဆုံးပွဲစဉ်တွေဟာ စိတ်လှုပ်ရှားစရာ (ခံစားချက်ပြင်းထန်တဲ့) အခိုက်အတန့်တွေ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်" လို့ ကတ်စ်မဲရိုးက ဆက်ပြောပါတယ်။
ယာယီမန်နေဂျာ မိုက်ကယ်ကာရစ်နဲ့ ပတ်သက်ပြီးတော့လည်း ကတ်စ်မဲရိုးက "အားလုံးထက် ထူးခြားတာက မိုက်ကယ်က ကျွန်တော် ကစားတဲ့ ကွင်းလယ်နေရာမှာ ကျွမ်းကျင်သူတစ်ဦး ဖြစ်သလို တကယ်ကို တော်တဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ခဲ့တာပါ။ အဲဒါကြောင့် အရာအားလုံးက ပိုလွယ်ကူသွားပြီး သူက ကျွန်တော်တို့ကို အမြဲတမ်း အကြံပေးစကားတွေ ပြောပေးပါတယ်" လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
"လက်ရှိ မန်ချက်စတာမှာ ကျွန်တော်တို့ အကောင်းဆုံး အရှိန်အဟုန်တစ်ခု ရနေတယ်လို့ ခံစားရပြီး ကျွန်တော့်ရဲ့ အဓိက ရည်မှန်းချက်ကတော့ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ပြန်ရအောင် ကူညီပေးဖို့ပါပဲ" လို့ ၎င်းက ဆိုပါတယ်။