ယူနိုက်တက်ပရိသတ်တွေကြောင့် သူ့ဇနီး မျက်ရည်ကျခဲ့ရတယ်လို့ ကတ်စ်မဲရိုး ဆို
မကြာသေးခင်က ကစားခဲ့တဲ့ ပွဲစဉ်တွေအတွင်း ယူနိုက်တက်ပရိသတ်တွေရဲ့ လုပ်ရပ်ကြောင့် သူ့ဇနီးဖြစ်သူ မျက်ရည်ကျခဲ့ရတယ်လို့ ကတ်စ်မဲရိုးက ဝန်ခံပြောကြားလိုက်ပါတယ်။
ကတ်စ်မဲရိုးဟာ ကလပ်အသင်းနဲ့ ကစားသမားကြား ဖေဖော်ဝါရီလကတည်းက ရရှိထားတဲ့ သဘောတူညီချက်အရ အခုရာသီအကုန်မှာ ယူနိုက်တက်ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ နည်းပြ မိုက်ကယ်ကားရစ် လက်အောက်မှာ သူပြသနေတဲ့ ခြေစွမ်းတွေကြောင့် ပွဲစဉ်တွေအတွင်းမှာ ပရိသတ်တွေက "နောက်ထပ်တစ်နှစ်လောက် ထပ်နေပေးပါဦး ကတ်စ်မဲရိုး" လို့ အစဉ်တစိုက် အော်ဟစ်တောင်းဆိုနေကြပါတယ်။
ပရိသတ်တွေရဲ့ တောင်းဆိုမှုတွေကြောင့် ကတ်စ်မဲရိုးရဲ့ ဇနီးဖြစ်သူ အန်နာမာရီယာနာမှာ မျက်ရည်ကျခဲ့ရပြီး အဲဒီအခြေအနေနဲ့ ပတ်သက်လို့ ဘရာဇီးလ်ကြယ်ပွင့်က အခုလို ရှင်းပြခဲ့ပါတယ်။ "တကယ်တော့ ကျွန်တော် အရမ်းပျော်ပါတယ်။ အထူးသဖြင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုနဲ့ ကျွန်တော့်အပေါ် ထားရှိတဲ့ လေးစားမှုတွေအတွက်ပါ။"
"ဒီလို ချစ်ခြင်းမေတ္တာတွေအတွက် ကျေးဇူးတင်ရုံကလွဲလို့ တခြားမရှိပါဘူး၊ ဒါဟာ တကယ်ကို ရင်ခုန်စရာကောင်းပါတယ်။ ယူနိုက်တက်မှာ ကုန်ဆုံးခဲ့ရတဲ့ အတွေ့အကြုံတွေက အရမ်းလှပလွန်းလို့ ကျွန်တော့်ရဲ့ နောက်ဆုံးနေ့မှာ မျက်ရည်မကျမိဖို့ မျှော်လင့်ရမှာပဲ။"
"ပြီးခဲ့တဲ့ရက်က ပရိသတ်တွေက ကျွန်တော့်ကို နောက်ထပ်တစ်နှစ် ထပ်နေဖို့ တောင်းဆိုနေကြချိန်မှာ ဇနီးဖြစ်သူကတော့ မျက်ရည်ကျနေခဲ့ပါပြီ။ ဒါကြောင့် ကျန်ရှိနေတဲ့ အချိန်လေးတွေကို အကောင်းဆုံး ခံစားဖြတ်သန်းသွားချင်ပြီး ကျွန်တော့်ဘဝရဲ့ ကျန်ရှိတဲ့သက်တမ်းတစ်လျှောက်လုံး ယူနိုက်တက်ပရိသတ်တစ်ယောက်အဖြစ်ပဲ ရှိနေမှာပါ" လို့ သူက ဆိုပါတယ်။