The network connection is lost.

Banner Image

ကွင်းလုံခြုံရေးအဖွဲ့ဝင်တစ်ဦးရဲ့ ဝင်တိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ မိုရာတာ

ယမန်နေ့ညက ပြင်သစ်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ စပိန်အသင်းခေါင်းဆောင် အယ်လ်ဗာရို မိုရာတာဟာ ပွဲအပြီး ပရိသတ်တွေ အရှေ့မှာ အောင်ပွဲခံနေစဉ် ကွင်းထဲပြေးဝင်လာတဲ့ ပရိသတ်တစ်ဦးကို လိုက်ဖမ်းနေတဲ့ ကွင်းလုံခြုံရေးအဖွဲ့ဝင်တစ်ဦးရဲ့ ဝင်တိုက်မှုကြောင့် ဒဏ်ရာ ရရှိခဲ့ပါတယ်။

မိုရာတာဟာ ပွဲကစားချိန် ၇၆ မိနစ်မှာပဲ လူစားလဲခံခဲ့ရတာဖြစ်ပေမယ့် အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံဖို့ ကွင်းထဲကို ပြန်လည်ဝင်ရောက်လာခဲ့စဉ်မှာ အခုလိုမထင်မှတ်ဘဲ ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ နောက်ကနေ ရုတ်တရက်ဝင်တိုက်ခံလိုက်ရတာကြောင့် မိုရာတာအနေနဲ့ အနည်းငယ်ထိခိုက်ခဲ့ပုံပေါ်ပြီး နာကျင်မှုက မျက်နှာမှာအထင်းသားပေါ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဝင်တိုက်မိခဲ့တဲ့ လုံခြုံရေးကလည်း ကစားသမားကို တွဲထားပြီး အကူအညီပေးဖို့ကြိုးစားခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး စပိန်နည်းပြ လူးဝစ်ဒီလာဖူရန်တီက သူ့ရဲ့အသင်းခေါင်းဆောင် အနေနဲ့ ဒဏ်ရာမပြင်းထန်ဖို့နဲ့ အင်္ဂလန် ဒါမှမဟုတ် နယ်သာလန်နဲ့ ယှဉ်ပြိုင်သွားရမယ့် ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ အသင်းရဲ့တိုက်စစ်ကို ဦးဆောင်သွားနိုင်ဖို့မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဖူရန်တီက “မိုရာတာရဲ့အခြေအနေကို မနက်ဖြန်အထိ ကျွန်တော်တို့ စောင့်ကြည့်သွားရမှာပါ။ တစ်ခုခုထိခိုက်မိခဲ့တယ်လို့ထင်ပါတယ်။ အောင်ပွဲခံနေတဲ့အချိန်မှာဖြစ်ခဲ့တာပါ။ ကျွန်တော်ကတော့ သူ အဆင်ပြေမယ်လို့ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ပြင်သစ်ကဦးဆောင်ဂိုး စတင်ရရှိခဲ့တာဖြစ်ပြီး ပွဲအစ ၉ မိနစ်မှာပဲ ကီလီယန်အမ်ဘာပေရဲ့ ဖြတ်တင်ဘောမှတစ်ဆင့် ကိုလိုမူအာနီက ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီဂိုးဟာ ယခုနှစ်ယူရိုပြိုင်ပွဲတစ်လျှောက် ပြင်သစ်အသင်းရဲ့ ကစားကွက်မှရတဲ့ ပထမဆုံးဂိုးလည်းဖြစ်ပါတယ်။

သို့သော် ပွဲကစားချိန် ၂၁ မိနစ်မှာတော့ စပိန်က ချေပဂိုးပြန်လည်ရရှိခဲ့ကာ တောင်ပံပါရမီရှင်ကစားသမားလေး လာမိုင်းယာမယ်က ဂိုးဧရိယာအပြင်မှ လှလှပပကန်သွင်းယူခဲ့တာဖြစ်ပြီး ဒီဂိုးကြောင့် ကစားသမားဟာ ယူရိုသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ ပွဲကစားချိန် ၂၅ မိနစ်မှာ စပိန်ကဦးဆောင်ဂိုးပြန်လည် ရရှိခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ ဒါနီအိုလ်မိုက ပြင်သစ်နောက်တန်းတွေ ရှုပ်ယှက်ခတ်နေတဲ့ကြားကနေ သပ်သပ်ရပ်ရပ်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ပြင်သစ်က ချေပဂိုးပြန်လည်ရရှိဖို့ အခွင့်အရေးတွေရခဲ့ပြီး အသုံးမချနိုင်ခဲ့သလို နည်းပြဒီဒီယာဒက်စ်ချမ့်စ်က အန်တိုနီဂရစ်ဇ်မန်း၊ ဘရက်ဒ်လေဘာကိုလာနဲ့ အီဒူယာဒို ကာမာဗင်ဂါတို့ကို ထည့်သွင်းခဲ့ပေမယ့် ထိရောက်မှုမရှိခဲ့တာကြောင့် ပထမပိုင်းကရလဒ်အတိုင်း ပွဲပြီးဆုံးခဲ့ပါတယ်။ ယခုနိုင်ပွဲကြောင့် စပိန်ဟာ သမိုင်းတစ်လျှောက် ယူရိုပြိုင်ပွဲမှာ ပင်နယ်တီ အဆုံးအဖြတ်မခံယူရဘဲ ၆ ပွဲဆက်တိုက်အနိုင်ရခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။